close

စစ်ကောင်စီသီးသန့်သုံး မဟာဓာတ်အားလိုင်း တာဝါတိုင် ၂ ခုကို ဖယ်ခုံ PDF က မိုင်းခွဲဖျက်ဆီး

Photo : PDF Pekhon

စစ်ကောင်စီသီးသန့်သုံး မဟာဓာတ်အားလိုင်း တာဝါတိုင်တွေကို မိုင်းခွဲဖျက်ဆီးနိုင်ခဲ့တယ်လို့ ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်က မနေ့ညနေက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ ယန္တရားလည်ပတ်တာတွေကို ဟန့်တားနိုင်ဖို့အတွက် ဖယ်ခုံနဲ့ ပင်လောင်းမြို့ကြား၊ လွယ်ဟွဲရွာနားက လောပိတမှတ် ၃ စက်ရုံကနေ နေပြည်တော်ကို သွယ်တန်းထားတဲ့ စစ်ကောင်စီ သီးသန့်သုံးမဟာဓာတ်အားလိုင်း တိုင် ၂ ခုကို ဩဂုတ် ၁၂ ရက် ညနေပိုင်းက မိုင်းခွဲဖြိုချခဲ့တယ်လို့ ဆိုပါတယ်။

လောပိတက မန္တလေး၊ လောပိတက နေပြည်တော်ကို သွယ်တန်းထားတဲ့ ဓာတ်အားလိုင်း ၂ ခုထဲက ပြည်သူတွေ မသုံးစွဲတဲ့ လိုင်းကိုပဲ ရွေးချယ်ဖောက်ခွဲတာလို့ ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာပဲ စစ်ကောင်စီဟာ ပြည်သူတွေရဲ့ အသက်အိမ်စည်းစိမ်တွေကို ဖျက်ဆီးတာ၊ ဥပဒေမဲ့လုပ်ရပ်တွေကိုလုပ်ပြီး ဒေသခံ PDF တွေကိုလည်း ဒီနေ့အထိ အင်အားအလွန်အကျွံသုံး ဖြိုခွင်းတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

ဒီလထဲမှာ ဖယ်ခုံမြို့က စစ်ကောင်စီတပ်တွေဟာ မြို့ပေါ်ရပ်ကွက်တွေမှာ သေနတ်ပစ်ဖောက်တာ၊ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်တာတွေ လုပ်ခဲ့တာကြောင့် ဖယ်ခုံ ပြည်သူ့တာကွယ်ရေးတပ်က အခုလို လုပ်ဆောင်တာလို့ ထုတ်ပြန်ထားပါတယ်။

ဩဂုတ် ၁၄ ရက်နေ့က ပင်လောင်းမြို့ နယ် ပင်ပုံရွာဘက်ကနေ ချီတက်လာတဲ့ စစ်ကောင်စီတပ်နဲ့ PNO စစ်ကြောင်းဟာ PDF တွေ ထောင်ထားတဲ့ မိုင်း ၅ လုံးထက်မနည်း နင်းမိတာကြောင့် အများအပြား သေဆုံး ဒဏ်ရာရခဲ့ပြီး PDF ဘက်က ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

၁၅ ရက်နေ့မှာလည်း လွိုင်ကော်ကနေ စစ်ကူလာတဲ့ ယာဉ်တန်း ၃ဝ စီး၊ အင်အား ၄ဝဝ ကျော်လောက်ကို ဖယ်ခုံမြို့နယ် ခေါင်းမိုင်ရွာနားက စပယ်ရှယ်ကုန်း၊ ဖယ်ခုံ- လွိုင်ကော်လမ်းမပေါ်မှာ ဖယ်ပုံနဲ့ မိုးဗြဲ PDF တို့ ပူးပေါင်းခြုံခိုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရတာတွေရှိသလို PDF ဘက်က တယောက် ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်တွေဟာ မိုင်းခွဲခံရတဲ့ တာဝါတိုင်တွေနားက တောင်ကုန်းတွေ၊ ဖယ်ခုံမြို့နယ် လွယ်ဟွဲရွာ၊ ပင်လောင်းမြို့နယ် ပင်ပုံရွာတို့မှာ အင်အား အလုံးအရင်းနဲ့ တပ်စွဲထားပြီး စစ်ရေး တင်းမာနေတယ်လို့ ဆိုပါတယ်။

ဒီမော့ဆို ၊ မိုးဗြဲ၊ ဖယ်ခုံ၊ လွိုင်ကော်၊ နေပြည်တော်၊ ရှမ်းတောင် ပြည်သူ့ကာကွယ်ရေးတပ်တို့ဟာ ညီနောင်မဟာမိတ်အဖြစ် ပူးပေါင်းပြီး တိုက်ပွဲဝင်သွားမယ်လို့လည်း ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up