ထိုင်းတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၃ ပုံ ၂ ပုံမှာ ကာကွယ်ဆေးမထိုးရသေးသူများဖြစ်

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးသူတွေရဲ့ ၃ ပုံ ၂ ပုံဟာ ကာ ကွယ်ဆေးမထိုးနှံထားရသေးသူတွေဖြစ်တယ်လို့ ကိုဗစ်-၁၉ ရောဂါအခြေအနေစီမံကြီး ကြပ်ရေးဗဟိုဌာန (စီစီအက်စ်အေ)က ထုတ်ပြန်ပါတယ်။
စီစီအက်စ်အေရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာအဖီဆမိုင် ဆီရိရန်ဆန်က ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်ကနေ ဩဂုတ် ၁၉ ရက်နေ့အထိ ကာကွယ်ဆေးမထိုးနှံရသေးပဲ နိုင်ငံတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးသူ ၂,၉၆၉ ယောက်၊ တနည်းအားဖြင့် ၆၃ ဒသမ ၈ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ ပြောပါတယ်။
သေဆုံးသူတွေထဲက ၇ ရာခိုင်နှုန်းဖြစ်တဲ့ ၃၁၆ ယောက်ကတော့ မဖျားနာခင် သီတင်း ၂ ပတ်ကျော်လောက်ကတည်းက AstraZeneca ကိုဗစ်-၁၉ ကာကွယ်ဆေး တကြိမ်ထိုးနှံပြီးသူတွေ ဖြစ်ကာ ၂ ဒသမ ၆ ရာခိုင်နှုန်းဖြစ်တဲ့ ၁၁၈ ယောက်ကတော့ ၄ ပတ်ကျော်မတိုင်ခင်ကတည်းက ကာကွယ်ဆေးတကြိမ် ထိုးနှံပြီးသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
သေဆုံးသူတွေရဲ့ ၀ ဒသမ ၆ ရာခိုင်နှုန်းဖြစ်တဲ့ ၂၆ ယောက်ကတော့ ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
“ကာကွယ်ဆေးထိုးပြီး ၂ ပတ်အတွင်းမှာ antibodies က လှုံ့ဆော်မှု မရှိဘူးဆိုတဲ့ အဓိပ္ပါယ်ဖြစ်နေပါတယ်။ ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးတာတောင် ဒီရောဂါပိုးက ဆက်ပြီး တော့ ကူးစက်နိုင်နေတုန်းပါပဲ”
ထိုင်းနိုင်ငံတဝန်းမှာတော့ လူဦးရေ ၁၉ ဒသမ ၅၈ သန်းက ကာကွယ်ဆေး ၁ ကြိမ်၊ ၅ ဒသမ ၇၀ သန်းကတော့ ၂ ကြိမ်၊ ၅၂၇,၄၅၇ ယောက်ကတော့ ၃ ကြိမ်ထိုးနှံပြီးဖြစ်ကာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူပေါင်း ၂၅ ဒသမ ၈၂ သန်းရှိနေတယ်လို့ ဆိုပါတယ်။
ဘန်ကောက်မှာတော့ ပထမတကြိမ် Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီး ဒုတိယတကြိမ်မှာတော့ AstraZeneca ကို ထိုးနှံဖို့ မြို့တော်အုပ်ချုပ်ရေးအဖွဲ့က သဘော တူညီထားတယ်လို့ ဒေါက်တာ အဖီဆမိုင်က ပြောပါတယ်။
ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံတဝန်းမှာတော့ ရောဂါကူးစက်ခံရသူပေါင်း ၁ သန်းကျေိာ်လာခဲ့ပြီဖြစ်ကာ သေဆုံးသူစုစုပေါင်းကတော့ ၈,၈၂၆ ယောက်ရှိနေခဲ့ပြီ ဖြစ်တယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။