close

ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် ၂၀၀၀ ကျော်တွင် တောင်ကြီးမြို့က ၃၀၀ ကျော်ဖြင့် အများဆုံး ဖြစ်

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂,၆၀၀ နီးပါးရှိခဲ့ပြီး အဲဒီထဲမှာ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့က ကူးစက်ခံရသူ ၃၆၅ ယောက်နဲ့ အများဆုံးဖြစ်တယ်လို့ စစ်ကောင်စီ ကျန်းမာရေး ဝန်ကြီးဌာနက ဒီကနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒီစစ်ဆေးမှုမှာတော့ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံ တွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကို တော့ မသိနိုင်သေးပါဘူး။

ဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၁,၅၄၆ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၂,၅၉၀ ယောက် တွေ့ရှိခဲ့တာမို့ ပိုး တွေ့နှုန်း ၂၂ ဒသမ ၄၃ ရာခိုင်နှုန်းကျော် ရှိနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါပြန်လည်ပျောက်ကင်းသက်သာလာတဲ့အတွက် ဆေးရုံက ဆင်းခွင့်ရသူ အရေအတွက်ကတော့ ၃,၈၉၄ ယောက် ရှိနေတယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူစုစုပေါင်း ၁၃,၉၄၅ ယောက်နဲ့ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃၆၅,၇၅၉ ယောက် ရှိနေခဲ့တာ ဖြစ်ပါတယ်။

         တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ရောဂါကူးစက်မှုနှုန်းမှာတော့ ရှမ်းပြည်နယ်က ၇၅၆ ယောက်နဲ့ အများဆုံးဖြစ်ပြီး သူ့နောက်မှာတော့ ပဲခူးတိုင်းဒေသကြီးက ကူးစက်ခံရ သူ ၃၆၃ ယောက်၊ မကွေးတိုင်းဒေသကြီးက ကူးစက်ခံရသူ ၃၅၇ ယောက်စီနဲ့ အစဉ်လိုက် ရှိနေတာပါ။

မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၃ ရက်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်မှာတော့ အာဆီယံနိုင်ငံတွေထဲ အစောဆုံး ကာကွယ်ဆေးထိုးနှံတဲ့နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

လတ်တလောမှာတော့ ရောဂါကူးစက်မှုတွေ မြင့်တက်နေတာကြောင့် နိုင်ငံတဝန်း စာသင်ကျောင်းတွေပိတ်ထားသလို ရောဂါကိုထိန်းချုပ်နိုင်ဖို့ အများပြည်သူရုံးပိတ်ရက် အဖြစ် အခုလကုန်ဩဂုတ် ၃၁ ရက်အထိကိုလည်း တိုးမြှင့်သတ်မှတ်ကြောင်း စစ်ကောင် စီက ကြေညာထားပါတယ်။

နိုင်ငံတဝန်း ပိုးတွေ့နှုန်းများတဲ့ မြို့နယ် ၁၀၀ ကျော်ကိုလည်း Stay At Home မြို့ နယ်တွေအဖြစ် သတ်မှတ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up