ပြုံယမ်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ကင်ဂျုံအန်း စစ်ဆေး

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ ပြုံယမ်းမြို့တော်မှာရှိတဲ့ တိုက်ခန်း ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို စစ်ဆေးနေတဲ့ ဓာတ်ပုံတွေကို အစိုးရပိုင်ရုပ်သံက သြဂုတ် ၂၁ ရက် မှာ ထုတ်လွှင့်ခဲ့ပါတယ်။
ဓာတ်ပုံတွေထဲမှာ အဖြူရောင်ဂျာကင်အင်္ကျီကို ၀တ်ထားတဲ့ ကင်ဟာ အရာရှိတွေနဲ့အတူ ဆောက်လုပ်ဆဲ လုပ်ငန်းခွင်တွေကို နေ့ရောညပါ လိုက်စစ်ဆေးကြည့်ရှုနေတာပါ။
ပြုံယမ်းမြို့တော်ရှိ ဖိုသုန်မြစ်နားက လူနေဒေသ တည်ဆောက်ရေးစီမံကိန်းဟာ မြို့တော်ကို ပိုမိုခေတ်မီဖွံ့ဖြိုးဖို့ အရေးပါကြောင်းနဲ့ ဆောက်လုပ်ရေးကို အရှိန်မြှင့်ဖို့တောင်းဆိုသွားကြောင်း ကင်က အလေးအနက်ထား ပြောကြားသွားတယ်လို့ နိုင်ငံပိုင်မီဒီယာက ပြောကြားပါတယ်။
ဘယ်အချိန် စစ်ဆေးမှုပြီးစီးသွားတယ် ဆိုတာကိုတော့ မထုတ်ပြန်သွားပါဘူး။ မြောက်ကိုရီးယားဟာ နိုင်ငံတကာ ပိတ်ဆို့မှုတွေနဲ့ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို ကာကွယ်ဖို့ ရည်ရွယ်ပြီး နယ်နိမိတ်ကန့်သတ်ချက်ကို ကိုယ်တိုင်ချမှတ်ပြီးတော့ နိုင်ငံခြားသွင်းကုန်အများစုနဲ့ အကူအညီတွေကို ဖြတ်တောက်ထားပါတယ်။