အမေရိကန်ဒုသမ္မတ စင်ကာပူရောက်

အမေရိကန် ဒုတိယသမ္မတ ကာမာလာ ဟာရစ်ဟာ စင်ကာပူနိုင်ငံဆီကို သြဂုတ် ၂၂ ရက်က ရောက်လာပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံပြိုလဲအပြီး အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒကတိတွေအပေါ် မဟာမိတ်တွေက မေးခွန်းထုတ်နေချိန်မှာ ဆက်ဆံရေး နက်ရှိုင်းအောင် လုပ်ဖို့ ရည်မှန်းထားတဲ့ ခရီးစဉ်နဲ့ ရောက်လာတာပါ။
ဟာရစ်ကို စင်ကာပူနိုင်ငံခြားရေး ဝန်ကြီး ဗီဗီယန်ဘာလာခရစ်ရှနန်က ဆေလေတာ လေဆိပ်မှာ ကြိုဆိုခဲ့ပါတယ်။
ခရီးစဉ်အတွင်း ဒုသမ္မတဟာရစ်ဟာ စင်ကာပူ သမ္မတ ဟာလီမာ ယာကွတ်ဘ်၊ ဝန်ကြီးချုပ် လီရှင်လွန်းတို့နဲ့ တွေ့ဆုံမှာဖြစ်ပြီး စင်ကာပူကို လာရောက်လည်ပတ်မယ့် အမေရိကန် တိုက်ခိုက်ရေး သင်္ဘောပေါ်မှာ မိန့်ခွန်းပြောမှာပါ။
သူဟာ အစိုးရနဲ့ ပုဂ္ဂလိက နယ်ပယ်က ကိုယ်စားလှယ်တွေနဲ့အတူ ဖြန့်ဖြူးရေးကွင်းဆက် ကိစ္စရပ်တွေကို ဆွေးနွေးဖို့ အစည်းအဝေးလည်း ကျင်းပမှာ ဖြစ်ပါတယ်။ အရှေ့တောင်အာရှမှာ တရုတ်ရဲ့ သြဇာကြီးလာတာကို တန်ပြန်ဖို့ ဟာရစ်ရဲ့ ခရီးစဉ်က ရည်မှန်းထားပါတယ်။
တောင်တရုတ်ပင်လယ်အရေးမှာ နိုင်ငံတကာစည်းမျဉ်းကို ကျင့်သုံးရေး ကာကွယ်သွားဖို့၊ အမေရိကန်ရဲ့ ဒေသတွင်း ဦးဆောင်မှုကို အားဖြည့်ဖို့နဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ဖို့ ဒုသမ္မတက အာရုံစိုက်လိမ့်မယ်လို့ အိမ်ဖြူတော်အကြီးတန်း အရာရှိ တစ်ယောက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။