close

အောင်လံလွှင့်ချီနွေဦးထီ ပြန်ရောင်းချသည့်နေ့ နာရီဝက်အတွင်း သတ်မှတ်စောင်ရေကုန်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က အောင်လံလွှင့်ချီနွေဦးထီကို စက်တင်ဘာ ၆ ရက်နေ့ ညနေပိုင်းမှာ ပြန်လည်ရောင်းချခဲ့ရာမှာ နာရီဝက်အတွင်းမှာ သတ်မှတ်လက်မှတ်စောင်ရေ ရောင်းကုန်သွားပါတယ်။

နွေဦးထီကို ဩဂုတ်လ ၁၅ ရက်မှ  ၁၉ ရက်အထိ  ၅ ရက်ကြာ စမ်းသပ်ရောင်းချခဲ့ပြီး နည်းပညာပိုင်းပြင်ဆင်ဖို့ NUG က အချိန် ၂ ပတ်ကြာရပ်နားခဲ့တာပါ။

ဒီနေ့ ဒုတိယအသုတ် ပြန်လည်ရောင်းချရာမှာတော့ ရှေ့တစ်ခေါက်ကလို စောင်ရေသတ်မှတ်ချက်ပုံစံကို ဦးစားမပေးဘဲ လူဦးရေ  တစ်ထောင်နဲ့ ချိတ်ဆက်ပြီး တစ်ယောက်ချင်းစီက စောင်ရေကြိုက်သလောက်ထိုးနိုင်တဲ့ပုံစံကိုပြောင်းလဲကျင့်သုံးလာတာကို တွေ့ရပါတယ်။

တစ်ယောက်ချင်းစီက စောင်ရေစိတ်ကြိုက်ထိုးနိုင်တဲ့အခြေအနေဖြစ်တဲ့အတွက် ဒီနေ့အတွက် စောင်ရေ ဘယ်လောက်အထိရောင်းကုန်တယ်ဆိုတာကိုတော့ DVB က ဆက်လက်စုံစမ်းနေပါတယ်။

လက်ရှိအချိန်မှာ နွေဦးထီကို ပြည်တွင်းကလူတွေပဲထိုးနိုင်ဦးမှာဖြစ်ပြီး CDM တွေနဲ့ PDF တွေ အလှူငွေပိုရဖို့ဆိုရင် နိုင်ငံတကာရောက်မြန်မာတွေပါထိုး နိုင်အောင် စီစဉ်ပေးသင့်တယ်လို့ နွေဦးထီမှာပါဝင်ကံစမ်းသူတစ်ယောက်က ပြောပါတယ်။

NUG အစိုးရက နွေဦးထီကို အကောင်အထည်ဖော်နေသလို စစ်ကောင်စီကလည်း အောင်ဘာလေထီကို ပြန်လည်အသက်သွင်းနိုင်ဖို့ လက်မှတ်ရောင်းရငွေစုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းအထိ ဆုကြေးတွေတိုးပေးမယ်လို့ ကြေညာထားပြီး စက်တင်ဘာလဆန်းမှာ အောင်ဘာလေထီရောင်းအား မသိမသာတက်လာတဲ့ အခြေအနေမျိုးတွေ့နေရတယ်လို့ အောင်ဘာလေထီကုန်သည်တစ်ယောက်က ပြောပါတယ်။

နွေဦးထီကို ပြည်သူတွေက နိုင်ငံရေးယုံကြည်ချက်အရထိုးတာဖြစ်ပြီး စီးပွားရေး အဆင်မပြေကြတဲ့ အတွက် ထိုင်းထီနဲ့ စင်္ကာပူထီတွေကို ပြည်သူတွေက စိတ်ဝင်စားနေကြတာမျိုးလည်းရှိနေပါတယ်။ 

အောင်လံလွှင့်ချီနွေဦးထီကို ဩဂုတ် ၁၅ ရက်မှ  ၁၉ ရက်အထိ  ၅ ရက်ကြာရောင်းချခဲ့ရာမှာ ထီလက်မှတ် ၂ သိန်းခွဲ ငွေကျပ်သိန်းငါးထောင်ဖိုးရောင်းချနိုင်ခဲ့တယ်လို့ NUG စီမံကိန်း၊ ဘဏ္ဏာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောပါတယ်။

နည်းပညာပိုင်းဆိုင်ရာ ပြင်ဆင်စရာတွေရှိတဲ့အတွက် နွေဦးထီရောင်းချမှုကို ဩဂုတ်လ ၂၀ ရက်မှ  စက်တင်ဘာ ၅ ရက်နေ့အထိ ရက်သတ္တပတ်နှစ်ပတ်ကြာ ရပ်နားခဲ့ပါတယ်။

နွေဦးထီလက်မှတ်တွေ ရောင်းချထားပြီးဖြစ်ပေမယ့် ငွေကြေးလက်ခံရရှိဖို့နဲ့ လုပ်ငန်းလည်ပတ်အောင်ဆောင်ရွက်ဖို့ အချိန်တခုတော့ စောင့်ရဦးမယ်လို့လည်း ဝန်ကြီးဦးတင်ထွန်းနိုင်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up