ဂီနီနိုင်ငံ၏ မြေပြင်နှင့် ဝေဟင်နယ်စပ်များ ပြန်ဖွင့်

ဂီနီနိုင်ငံဟာ လူသားချင်းစာနာမှု အကြောင်းပြချက်နဲ့ စီးပွားရေးကိစ္စတွေအတွက် မြေပြင်နဲ့ ဝေဟင် နယ်စပ်တွေကို ပြန်ဖွင့်ပေးလိုက်ပြီလို့ စစ်တပ်ပြောခွင့်ရက အစိုးရရုပ်သံကနေ စက်တင်ဘာ ၆ ရက်မှာ ပြောပါတယ်။
သမ္မတ အယ်လ်ဖှာကွန်ဒေကို ရာထူးက ဖြုတ်ချခဲ့တဲ့ စစ်သားတွေက သမ္မတရဲ့ ဝန်ကြီးတွေနဲ့ ထိပ်တန်းအစိုးရအရာရှိတွေကို တနင်္လာနေ့မှာ အစည်းအဝေး ဆင့်ခေါ်ခဲ့ပါတယ်။
အနောက်အာဖရိကနိုင်ငံ ဂီနီမှာ စစ်တပ်က သမ္မတကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့လို့ နိုင်ငံတကာက ပြစ်တင် ရှုတ်ချခဲ့ပါတယ်။
အလူမီနီယံထုတ်လုပ်ရာမှာသုံးတဲ့ ကမ္ဘာ့အကြီးဆုံး ဘောက်ဆိုဒ် သတ္တုရိုင်းသိုက်ရှိရာ ဂီနီမှာ အာဏာသိမ်းမှုကြောင့် ဈေးကွက်ဖြန့်ဖြူးမှု အနှောင့်အယှက်ဖြစ်မှာ စိုးရိမ်ကြတဲ့အတွက် ကမ္ဘာ့ အလူမီနီယံဈေးလည်း ဆယ်နှစ်အတွင်း အမြင့်ဆုံးဈေးထိ ထိုးတက်သွားပါတယ်။
မြို့တော်က အုပ်ချုပ်ရေးခရိုင်ပတ်လည်မှာ ဆိုင်တချို့ ပြန်ဖွင့်နေပြီး ယာဉ်အသွားအလာ နည်းနည်း ပြန်စနေပါပြီ။ စက်တင်ဘာ ၅ ရက်ကတော့ အထူးတပ်ဖွဲ့ဝင်တွေနဲ့ ကွန်ဒေကို သစ္စာရှိတဲ့ စစ်သည်တွေကြား တိုက်ပွဲဖြစ်ခဲ့လို့ မြို့လယ်ကောင်မှာ သေနတ်သံတွေ အကြီးအကျယ် ပေါ်ထွက်ခဲ့ပါတယ်။
စစ်တပ်ရဲ့ အထူးတပ်ဖွဲ့က အစိုးရနဲ့ အခြေခံဥပဒေကို ဖျက်သိမ်းလိုက်ပြီလို့ အစိုးရ ရုပ်သံကနေ ကြေညာခဲ့ပေမဲ့ စစ်တပ်ရဲ့ တခြားတပ်ခွဲတွေက ဘာမှ လူသိရှင်ကြား မှတ်ချက်မပေးသေးလို့ မသေချာမှုတွေ ကျန်ရှိနေဆဲလို့ ရိုက်တာက ဖော်ပြထားပါတယ်။