မြောင်မြို့နယ်အတွင်း တိုက်ပွဲ ၃ ကြိမ်ဖြစ်၊ စစ်တပ်ဘက်က ၁၂ ဦးကျဆုံး

စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲက မြစ်ဆုံနဲ့ကျောက်ရစ်ရွာတွေနားမှာ စက်တင်ဘာ ၈ ရက်က စစ်ကောင်စီတပ်နဲ့ မြောင် PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်က ၁၂ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၈ ရက် မနက် ၁၀နာရီကျော်လောက် ချင်းတွင်းနဲ့ဧရာဝတီမြစ်ဆုံတဲ့ မြစ်ဆုံကျေးရွာနားဖြစ်ပွားတဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ အချက် ၄၀ ကျော် ပစ်ခတ်ခဲ့ရာမှာ မြောင် PDF ဘက်က ထိခိုက်ကျဆုံးတာ မရှိပေမဲ့ စစ်ကောင်ဘက်ကတော့ ၃ ယောက် သေဆုံးခဲ့တယ်လို့ မြောင် PDF ထုတ်ပြန်ချက်က ဆိုပါတယ်။
စစ်ကောင်စီတပ် တပ်စွဲထားတဲ့ အဲဒီနေရာမှာပဲ ညနေ ၃ နာရီမှာ ထပ်ဖြစ်တဲ့တိုက်ပွဲမှာလည်း PDF ဘက်က ထိခိုက်သေဆုံးသူ မရှိခဲ့ပေမဲ့ စစ်ကောင်စီဘက်က ၆ ဦး ထပ်မံ ကျဆုံးခဲ့ပြန်ပါတယ်။
စက်တင်ဘာ ၈ ရက် မြောင်တိုက်ပွဲတစ်ခုလုံးကို မြောင်မြို့နယ် PDF နဲ့အတူ မဟာမိတ်အဖွဲ့ဝင်များ 27 Revolution Forces (Myin Gyan PDF) နှလုံးလှလူမိုက်ကြီးများ အဖွဲ့၊ PDF-Taloke အဖွဲ့တွေ ဖော်ဆောင်ခဲ့တာပါ။
ညနေပိုင်းမှာတော့ ကျောက်ရစ်ကျေးရွာဘက်က စစ်ကောင်စီ ရဲစခန်းမှ စခန်းမှူးနဲ့ ဆက်စပ်သူတို့ကို အညံ့ခံစေပြီး စခန်းကို သိမ်းပိုက်စဉ် စစ်ကား ၃ စီးရောက်လာလို့ တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ရာ ထပ်ပြီး စစ်ကောင်စီဘက်က ၃ ဦး ကျဆုံးခဲ့တယ်လို့ မြောင်မြို့နယ် PDF က ထုတ်ပြန်ထားပါတယ်။
ဒါအပြင် မြောင် PDF က ညနေ ၄ နာရီကျော်မှာ နဘက်စံပြရွာက ရဲစခန်းကို ပြာကျတဲ့ အထိ မီးရှို့ ဖျက်ဆီးနိုင်ခဲ့ပြန်ပါတယ်။
NUG အစိုးရရဲ့ စက်တင်ဘာ ၇ ရက်က စပြီး D-day စတင်ကြေညာပြီးချိန်ကစလို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေအနေနဲ့ မြောင်မြို့က ရဲစခန်းတချို့ကို အခုလို တိုက်ခိုက်လာတာလည်း ဖြစ်ပါတယ်။
မြောင်မြို့နယ်မြစ်ဆုံကျေးရွာမှာ တိုက်ပွဲတွေကြောင့် ဒေသခံရွာသူရွာသားတွေ ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။