close

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကြံ့ခိုင်ရေးပါတီအပါအဝင် မဟာမိတ် ၂၃ ပါတီက ကန့်ကွက်

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရက တင်သွင်းလျှောက်ထားတာကို ကြံ့ခိုင်ရေးပါတီနဲ့ မဟာမိတ်  ၂၃ ပါတီက  အပြင်းအထန်ကန့်ကွက်လိုက်ပါတယ်။

စက်တင်ဘာ ၁၄ ရက်နေ့မှာ စတင်ကျင်းပမယ့် ၇၆ ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံအတွက် ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် တက်ရောက်နိုင်ဖို့ အရည်အချင်းစစ်ကော်မတီဆီကို အမည်စာရင်းတင်သွင်းထားတာပါ။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ သုံးခဲ့တဲ့ မဲစာရင်းတွေဟာ ဆိုးဆိုးရွားရွားလွဲမှားနေပေမဲ့ အန်အယ်လ်ဒီအစိုးရက တာဝန်ယူမဖြေရှင်းဘဲ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို အဓမ္မနည်းနဲ့ ရယူဖို့ ကြိုးစားလို့ ဖွဲ့စည်းပုံဥပဒေအရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်အာဏာကို ထိန်းသိမ်းရယူခဲ့တယ်လို့  ကြံ့ခိုင်ရေးနဲ့ မဟာမိတ်တွေက  ဆိုပါတယ်။

ဒီတခါ သဘောထားထုတ်ပြန်ချက်မှာ ကြံ့ခိုင်ရေးပါတီအပါအဝင် ပါတီ ၂၃ ခု ပါဝင်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီတခုကပဲ ကိုယ်စားလှယ်လောင်းနည်းနည်းအနိုင်ရခဲ့ပေမဲ့ ကျန်တဲ့ပါတီတွေကတော့ ကိုယ်စားလှယ် တယောက်မှ အနိုင်မရခဲ့ကြပါဘူး။

စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီဖွဲ့စည်းပြီး အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းတာ၊ ဒီအဖွဲ့တွေက အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်ဖို့ လှုံ့ဆော်တယ်လို့ မဲမနိုင်ပါတီတွေက စွပ်စွဲပြီး စစ်တပ်က ဒီအဖွဲ့တွေကို အကြမ်းဖက်အုပ်စုအဖြစ်သတ်မှတ်ကြေညာထားတယ်လို့လည်းဆိုပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကိုလည်း စစ်ကောင်စီက ရာထူးက ထုတ်ပြီး နိုင်ငံတော် သစ္စာဖောက်မှုနဲ့ တရားစွဲထားတယ်လို့ ဆိုပြီး အခုလို အမည်စာရင်း တင်သွင်းတဲ့အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်လို့လည်း ဆိုပါတယ်။

မဲမနိုင်ပါတီတွေဟာ ဩဂုတ် ၄ ရက်နေ့ကလည်း မြန်မာနိုင်ငံဆိုင်ရာ Arria Formula အစည်းအဝေးမှာ ဦးကျော်မိုးထွန်းတက်ရောက်ဆွေးနွေးခဲ့တာကို ကန့်ကွက်ခဲ့ကြပါသေးတယ်။

အဲဒီတုန်းက ပါတီ ၂၈ ခုပါဝင်ပြီး ‘ဝ’ အမျိုးသားပါတီကလည်း လက်မှတ်ထိုးခဲ့ပေမဲ့ အဲဒီလို လက်မှတ်ထိုးတာဟာ ပါတီရဲ့ သဘောထားမဟုတ်တာကြောင့် လက်မှတ်ထိုးခဲ့သူ ဥက္ကဋ္ဌ လည်း နုတ်ထွက်သွားခဲ့ပြီး အခုတော့ ၂၃ ပါတီပဲ ပူးပေါင်း လက်မှတ်ထိုးထားကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up