အင်ဒိုနီးရှားတောမီး ၈၂ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့ဟု သမ္မတ ဝီဒိုဒို ကုလသမဂ္ဂညီလာခံတွင် ပြော

၂၀၂၀ ပြည့်နှစ်မှာ အင်ဒိုနီးရှားဟာ တောမီးတွေကို ၈၂ ရာခိုင်နှုန်း လျှော့ချခဲ့တယ်လို့ အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုက စက်တင်ဘာ ၂၂ရက်က ကုလသမဂ္ဂအထွေထွေညီလာခံမိန့်ခွန်းမှာ ထည့်သွင်းပြောကြားလိုက်ပါတယ်။
သစ်တောပြုန်းတီးမှုနှုန်းက သိသိသာသာ ကျဆင်းနေပြီး အနှစ်၂၀ အတွင်း အနိမ့်ဆုံးထိ ကျဆင်းခဲ့တယ်လို့လည်း ဝီဒိုဒိုက ဆက်ပြောပါတယ်။
ရေရှည်တည်တံ့တဲ့ စီးပွားရေးကို တည်ဆောက်ရေးဟာ အင်ဒိုနီးရှားရဲ့ ထိပ်တန်း ဦးစားပေး ဖြစ်တယ် ၂၀၁၈မှာ အင်ဒိုနီးရှား အစိုးရဟာ ဆီအုန်းစိုက်ခင်း ပါမစ်အသစ် ထုတ်ပေးတာကို ၃နှစ် ရပ်တံ့ရေး အစီအစဉ်ကို စတင်ခဲ့တယ်လို့ဆိုပါတယ်။
အင်ဒိုနီးရှား သမ္မတ သက်တမ်းအတွင်း အဓိက ဦးစားပေးက အားလုံးပါဝင်နိုင်ရေးပဲဖြစ်တယ်။ ဘယ်သူ့ကိုမှ ချန်မထားကြောင်းလည်း ဝီဒိုဒိုက ကတိပြုပြောကြားသွား ပါတယ်။