စစ်ကောင်စီတပ်များ ပြန်ပေးဆွဲနေဟု ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ်ပြော

မြန်မာနိုင်ငံမှာ အတင်းအဓမ္မအာဏာသိမ်းထားတဲ့ စစ်ကောင်စီရဲ့တပ်ဖွဲ့တွေဟာ ဖမ်းဝရမ်းထုတ်ခံရလို့ထွက်ပြေးနေသူတွေ လာအဖမ်းခံစေဖို့ နည်းဗျူဟာတစ်ခုအဖြစ် ကလေးငယ်တွေ အပါအဝင် သူတို့ရဲ့မိသားစုဝင်တွေကို ပြန်ပေးဆွဲနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က စက်တင်ဘာ ၂၂ ရက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ပြောပါတယ်။
မြန်မာနိုင်ငံက အကျပ်အတည်းဟာ ပိုမိုဆိုးရွားလာခဲ့ပြီး အစုလိုက်အပြုံလိုက် ရက်စက် ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတွေ ဆက်လက်ဖြစ်ပွားတာနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် သေနိုင်လောက်အောင် အန္တရာယ်များတာတွေနဲ့ ရင်ဆိုင်နေရပြီလို့လည်း ဆိုပါတယ်။
အခုတခါ စစ်တပ်က နောက်ထပ်ယုတ်မာတဲ့နည်းဗျူဟာကို ပိုသုံးလာပြီးတော့ ဖမ်းဝရမ်း ထုတ်ခံထားရသူတွေရဲ့ မိသားစုဝင်တွေကိုပြန်ပေးဆွဲတာ အပါအ၀င် ပြစ်ဒဏ်စုပေါင်းချမှတ်တာ တွေ လုပ်နေတယ်လို့ တွမ်အန်ဒရူးစ်က ပြောပါတယ်။
တွမ်အန်ဒရူးစ်ရဲ့သက်သေခံချက်ဟာ ခက်ခဲတင်းကျပ်တဲ့ စစ်အာဏာရှင် အုပ်ချုပ်ရေး အောက်မှာ ရှစ်လနီးပါးရှိနေခဲ့တဲ့ မြန်မာနိုင်ငံရှိ လူသားချင်းစာနာထောက်ထားမှု အခြေအနေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးကောင်စီကို တင်ပြခဲ့တာဖြစ်ပါတယ်။
စစ်အုပ်စုဟာ မြန်မာပြည်သူတွေကို စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်မှုတွေလုပ်ဖို့ ညွှန်ကြားထားကြောင့် စစ်အာဏာရှင်တွေဟာ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇ၀တ်မှုတွေကို ကျူးလွန်နေတယ်ဆိုတာ မငြင်းနိုင်တဲ့အမှုတခုဖြစ်တယ်လို့ တွမ်အင်ဒရူးစ်က ပြောပါတယ်။
ဒီလအစောပိုင်းက မြန်မာနိုင်ငံက အဓိက အတိုက်အခံလှုပ်ရှားသူတွေဟာ စစ်အစိုးရကိုဆန့်ကျင်တဲ့ ပြည်သူတွေရဲ့ခုခံတော်လှန်စစ်ကို ကြေညာခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ နိုင်ငံအတွင်းက စစ်တပ်ရဲ့ပြင်းထန်တဲ့အကြမ်းဖက်မှုတွေကို ထင်ဟပ်နေတယ်လို့လဲ အန်ဒရူးစ်က ပြောပါတယ်။
အခုက စစ်တပ်နဲ့ပူးပေါင်းတယ်လို့ စွပ်စွဲခံရသူတွေနဲ့ ကလေးငယ်တွေအပါအဝင် သူတို့ရဲ့မိသားစုဝင်တွေလည်း အသတ်ခံရတယ်ဆိုတဲ့ သတင်းတွေ အပါအဝင် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှု အရှိန်မြင့်နေတာဟာ အတော်လေး စိတ်သောက ရောက်ရတယ်လို့ သူက ဆိုပါတယ်။
နိုင်ငံတကာလူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူတွေကို လေးစားလိုက်နာကြဖို့ လူတိုင်းကို မေတ္တာရပ်ခံပါတယ်လို့လည်း သူကပြောပါတယ်။
“ဘာကိုစောင့်နေကြတာပါလဲ။ ကျနော်တို့ ပိုကြာနေလေ လူတွေပိုသေလေ”ပဲလို့ တွမ်အန်ဒရူးစ်က ပြောသွားပါတယ်။