စစ်ကောင်စီတပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင် ၂ ယောက်အပါအဝင် လူသတ်၊ ပြန်ပေးဆွဲမှုတွေ ကျူးလွန်ခဲ့သူ ၄ ယောက်ကို မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က မေ ၁ ရက်နေ့မှာ လူမြင်ကွင်းမှာ သေဒဏ်ပေးခဲ့တယ်လို့ The Kokang သတင်းမှာဖော်ပြပါတယ်။
ကိုးကန့်ဒေသ အထူးဒေသ ၁ အုပ်ချုပ်ရေးအဖွဲ့ရဲ့ မူပန်းခရိုင်ထဲက ယာယီတရားရုံးကနေ စီရင်ချက်ချလိုက်တာဖြစ်ပြီး လားရှိုးမြို့မှာ ပြစ်မှု ၂၅ ခုကျူးလွန်ခဲ့ကြတာလို့ ဆိုပါတယ်။
သေဒဏ်ပေးခံရသူတွေကတော့ မန်ပန်ပြည်သူ့စစ်အဖွဲ့ဝင် အသက် ၂၃ နှစ်အရွယ် ရှိဝေ့ယုံ၊ အသက် ၂၉ နှစ်အရွယ် ကော်ရှောက်ဝေ၊ မန်ပန်ပြည်သူ့စစ်အဖွဲ့ဝင် အသက် ၂၁ နှစ်အရွယ် ကော်ရှောက်ခွမ်နဲ့ အသက် ၁၈ နှစ်အရွယ် ရှိဝေ့ချန်တို့ ဖြစ်ကြပြီး သူတို့ဟာ လားရှိုးမြို့မှာ နေထိုင်တဲ့ တရုတ်လူမျိုးတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။
သူတို့ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်ကနေ မတ် ၁၇ ရက်နေ့အတွင်း ဖမ်းဆီးမိခဲ့တာဖြစ်ပြီး သူတို့ဟာ တရုတ်နိုင်ငံသား ၁ ယောက်၊ မြန်မာနိုင်ငံသား ၈ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
အမှုနဲ့ပတ်သက်တဲ့ ငွေနဲ့ ပစ္စည်းတန်ဖိုးပေါင်းကတော့ တရုတ်ငွေ ၄ ဒသမ ၇၇ သန်းနဲ့ မြန်မာငွေ ၇၄၅၁ သန်း ဖြစ်ပြီး CROWN ကား ၅ စီး၊ VO ၁ စီး၊ Lexus ၁ စီး၊ TOYOTA ၁ စီး၊ Land Cruiser ၁ စီးနဲ့ လက်စွပ် ၂ ကွင်းတို့ဖြစ်ပြီး တရားခံတွေ သုံးစွဲပြီးကျန်တာတွေကို ဆက်လက်ရှာဖွေနေတယ်လို့ ဆိုပါတယ်။
သူတို့ဟာ ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ လားရှိုးမြို့ပေါ်က အမျိုးသမီးတယောက်ကို ပြန်ပေးဆွဲပြီး ကျပ်သိန်း ၃၀၀ ကျော်တောင်းခံခဲ့သလို မြို့ပေါ်ကနေအိမ်တွေကို သေနတ်၊ ဓား စတာတွေနဲ့ ဝင်ရောက် ဓားပြတိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ တနှစ်လုံးမှာ ဓားပြမှု ၁၃ မှုနဲ့ လူသတ်မှု ၁ မှု၊ ပြန်ပေးဆွဲမှု ၂ မှုကို ကျူးလွန်ခဲ့ကြပြီး ၂၀၂၃ ခုနှစ်မှာလည်း ဖေဖော်ဝါရီလအထိ ဓားပြမှု၊ လူသတ်မှုနဲ့ ပြန်ပေးဆွဲတာတွေလုပ်ခဲ့တယ်ဆိုတာ ဝန်ခံကြတယ်လို့ ဆိုပါတယ်။
သေဒဏ်ပေးတဲ့နေရာကို လူ ၂၀၀ ကျော်လာရောက်ပြီး တရားခံတချို့ကတော့ တိမ်းရှောင်နေတုန်းဖြစ်တယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုများပြားလာတဲ့ ရာဇဝတ်မှုတွေကြောင့် ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ဖို့ အထူးဒေသ(၁)အုပ်ချုပ်ရေးအဖွဲ့နဲ့ MNDAA တို့က ဒေသအုပ်ချုပ်ရေးအဖွဲ့နဲ့ တပ်ဖွဲ့ တွေကို ရာဇဝတ်မှုကျူးလွန်သူတွေကို နှိမ်နင်းတိုက်ဖျက်ဖို့အမိန့်ပေးခဲ့ပြီး လားရှိုး၊ မူဆယ်စတဲ့နေရာတွေမှာ ဓားပြတိုက်ဖျက်ရေးလုပ်ငန်းကို ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
မက္ကဆီကိုနိုင်ငံမှာ အမေရိကန်နိုင်ငံသား ၄ ဦး ပြန်ပေးဆွဲခံရမှုနဲ့ ဆက်နွှယ်နေတဲ့ အသက် ၂၄ နှစ်အရွယ် အမျိုးသားတဦးကို မက္ကဆီကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက မတ် ၇ ရက်မှာ ပြောပါတယ်။
မက္ကဆီကို လုံခြုံရေးတပ်ဖွဲ့တွေဟာ မတ် ၇ ရက် မနက်က နယ်စပ်မြို့ မာထာမောရော့စ်ရဲ့ အရှေ့တောင်ဘက်ရှိ သစ်သားအခန်းတခုအတွင်း အသက်ရှင်ကျန်ရစ်သူတွေနဲ့ ရုပ်အလောင်း ၂ ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း တာမောင်လိပါ့စ် အုပ်ချုပ်ရေးမှူး အာမယ်ရီကို ဗီလာရီးယဲလ်က ပြောပါတယ်။
အခင်းဖြစ်နေရာမှာ သူတို့ကို စောင့်ကြပ်နေတဲ့ အသက် ၂၄ နှစ်အရွယ် အမျိုးသားတဦးကို ဖမ်းဆီးခဲ့တာပါ။
သူတို့ ၄ ယောက်ကို ရှာမတွေ့ခင်မှာ တရားဥပဒေစိုးမိုးရေး အဖွဲ့တွေကို လမ်းကြောင်းလွှဲတဲ့ အနေနဲ့ နယ်မြေခံ ဆေးပေးခန်း အပါအဝင် နေရာအသီးသီးကို ရွှေ့ပြောင်းခဲ့ပါတယ်။
အာဏာပိုင်တွေဟာ အမေရိကန်နိုင်ငံသား ၂ ဦး ဘယ်လိုသေဆုံးသွားတယ် ဆိုတာကို စုံစမ်းစစ်ဆေးဆဲဖြစ်ပြီး မက္ကဆီကိုအရာရှိတဦးကတော့ သူတို့ဟာ တခြားသူတဦးဦးနဲ့ လူမှားပြီး ပြန်ပေးဆွဲခံရတာ အဖြစ်နိုင်ဆုံးပဲလို့ ရှင်းပြပါတယ်။
အသက်ရှင်ကျန်ရစ်တဲ့ အမေရိကန်နိုင်ငံသား ၂ ဦးထဲက ၁ ဦးရဲ့ ခြေထောက်မှာ သေနတ်ဒဏ်ရာ ရရှိခဲ့ပြီး ကျန်အမျိုးသမီးတဦးကတော့ ဒဏ်ရာမရရှိကြောင်း အုပ်ချုပ်ရေးမှူး ဗီလာရီးယဲလ်က ပြောပါတယ်။
မက္ကဆီကိုနိုင်ငံ အရှေ့မြောက်ဘက်ကို ကားနဲ့မောင်းနှင် ဝင်ရောက်သွားပြီးနောက် မတ်လ ၃ ရက်က ပြန်ပေးဆွဲခံခဲ့ရတဲ့ အမေရိကန်နိုင်ငံသားတွေထဲက ၂ ဦးဟာ အမေရိကန်နိုင်ငံကို ပြန်ရောက်ရှိလာပြီး ဒီဖြစ်ရပ်မှာ သေဆုံးခဲ့ရသူ ၂ ဦးရဲ့ ရုပ်အလောင်းတွေကို အမေရိကန်ပြည်ထောင်စုမှ ပြန်လည်လွှဲပြောင်းပေးရေး လုပ်ငန်းစဉ်ကို လုပ်ဆောင်နေကြောင်း နိုင်ငံခြားရေးဌာနက မတ် ၇ ရက်မှာ ပြောပါတယ်။
မက္ကဆီကိုသမ္မတ အန်ဒရေးစ် မာနျူယယ် လိုပက်ဇ် အိုဘရာဒေါက မတ် ၇ ရက် မနက် သတင်းစာရှင်းလင်းပွဲမှာ မာတာမောရော့စ်မှာ ပြန်ပေးဆွဲခံရတဲ့ အမေရိကန်နိုင်ငံသား ၂ ဦး အသတ်ခံရကြောင်း အတည်ပြုခဲ့ပြီးနောက် မက္ကဆီကိုမှာ နိုင်ငံခြားက ဝင်ရောက်စွက်ဖက်ဖို့ ကြိုးပမ်းမှုကို ပယ်ချခဲ့ပါတယ်။
ကျူးလွန်ခံရသူတွေကို တရားမျှတအောင် ဆောင်ရွက်ပေးမယ်လို့လည်း ကတိပြုခဲ့ပါတယ်။