close

PDF များ နယ်မြေထဲ မလှုပ်ရှားရန်နှင့် အန်စီအေ စာချုပ်မပျက်သေးဟု ဒူးပလာယာခရိုင် ကေအန်ယူဥက္ကဋ္ဌ သတိပေး

Photo : KIC

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေအနေနဲ့ သူ့ရဲ့နယ်မြေထဲမှာ မလှုပ်ရှားကြဖို့ ဒူးပလာယာခရိုင် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းက သတိပေးလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ PDF တာဝန်ခံတွေကို လိပ်မူပြီး အောက်တိုဘာ ၄ ရက်  ဒီနေ့ ရက်စွဲနဲ့ စာပေးပို့လိုက်တာဖြစ်ပြီး PDF တွေဟာ သူတို့လှုပ်ရှားမှု နယ်မြေထဲမှာ ကေအန်ယူရဲ့ မူဝါဒနဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်တွေကို ပြောင်ပြောင်တင်းတင်း ထင်ရာမြင်ရာလုပ်နေတယ်လို့ လည်း ဆိုပါတယ်။

ဒီလုပ်ဆောင်တာတွေကြောင့် အပြစ်မဲ့ပြည်သူတွေ ဆုံးရှုံးနစ်နာပြီး ကေအန်ယူဒေသထဲမှာ ဘယ်အဖွဲ့အစည်းမှ ကေအန်ယူရဲ့ မူဝါဒသဘောထားနဲ့ ဆန့်ကျင်တဲ့ အကြမ်းဖက်လုပ်ရပ်တွေ မလုပ်ဖို့ သတိပေးထားပါတယ်။

ပြီးတော့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ) လည်း အခုထိ မပျက်သေးတာကြောင့် စာချုပ်ပါ လမ်းညွှန်ချက်တွေနဲ့အညီ ဆက်လက်ဆောင်ရွက်ကြဖို့လည်း ပဒိုစောရွှေမောင်းက လုပ်ဖော်ကိုင်ဖက်တွေကို ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

လာမယ့် အောက်တိုဘာ ၁၅ ရက်နေ့မှာ အန်စီအေ ၆ နှစ်ပြည့်မှာဖြစ်ပြီး တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ အာမခံချက်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အတူတကွတည်ဆောက်ကြ ဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ မြန်မာ့တပ်မတော်နဲ့ မြန်မာအစိုးရတို့ ကတိပြု လက်မှတ်ထိုးခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီစာချုပ်ကို နိုင်ငံတကာက အသိသက်သေအဖြစ်ပါဝင်ပြီး ဘယ်အဖွဲ့အစည်းကမှ မဖျက်သေးတာကြောင့် အခုထိ မပျက်မယွင်းရှိနေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် စာချုပ်လက်မှတ်ထိုးထားကြတဲ့ အဖွဲ့အစည်းတွေဟာ တဖက်နဲ့တဖက် တဖွဲ့နဲ့တဖွဲ့ သစ္စာရှိရှိ ကတိပြုထားကြတဲ့အတိုင်း တည်တည်ကြည်ကြည်ရှေ့ဆက်ရပ်တည်ဆောင်ရွက်ကြဖို့ အထူးလိုအပ်တယ် လို့လည်း သူ့ရဲ့စာမှာ ဖော်ပြထားပါတယ်။

ကေအန်ယူတပ်မဟာ ၆ နယ်မြေ ဒူးပလာယာခရိုင်ထဲမှာ အောက်တိုဘာ ၂ ရက်နေ့က မြန်မာစစ်တပ် တပ်ရင်းမှူးပါတဲ့ အဖွဲ့ မိုင်းခွဲတိုက်ခိုက်ခံထားရသလို ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း မြန်မာစစ်တပ်နဲ့ ကေအန်ယူရဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တို့ တိုက်ပွဲ ဖြစ်ခဲ့ပါသေးတယ်။

ဒါ့အပြင် ဒူးပလာခရိုင်ဥက္ကဋ္ဌဟာ  အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်တဲ့ အရေးပေါ်အခြေအနေကို ရုပ်သိမ်းပေးဖို့လည်း တောင်းဆိုခဲ့ဖူးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up