close

ဖမ်းဆီးခံရသည့် နေပြည်တော် အကသဥက္ကဋ္ဌကို မိသားစု တွေ့ခွင့်မရ

နေပြည်တော်က အခြေခံပညာကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌတယောက်ကို အကြမ်းဖက် စစ်ကောင်စီက ခေါ်ယူသွားပြီး မိသားစုနဲ့ တွေ့ခွင့်မရဘူးလို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဇမ္ဗူသီရိမြို့နယ်က အခြေခံပညာကျောင်းသားများသမဂ္ဂ (အကသ) ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်ကို စက်တင်ဘာ ၃ ရက်ညနေပိုင်းမှာ စစ်ကောင်စီလက်အောက်ခံ ရဲတွေက အိမ်ကနေ ခေါ်သွားခဲ့တာပါ။

“ညနေ ၅ နာရီလောက်မှာ စစ်မေးစရာရှိလို့ ခဏလိုက်ခဲ့ပါဆိုပြီး ခေါ်သွားတာ။ အမှတ် ၃ ရဲစခန်းမှာ ၄ ရက်နေ့ ညနေအထိ ရှိသေးတယ်။ ၅ ရက်နေ့ကျတော့ စခန်းမှာလည်း မရှိတော့ မိသားစုဝင်တွေ မေးတော့လည်း ရုံးချိန်းသွားတယ်လို့ ပြောတယ်။ ပြန်ရောက်ရင် ဆက်သွယ်လိုက်မယ်လို့ ပြောတယ်။ တကယ်ရုံးချိန်းသွားရင်လည်း ညနေဆို ပြန်ရောက်ရမှာလေ” လို့ မိသားစုနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

ကိုထွန်းအောင်ကျော်ဟာ ၈ တန်းကျောင်းသားတယောက်ဖြစ်ပြီး အသက် ၁၅ နှစ်ပဲ ရှိသေးတယ်လို့ သူက ပြောပါတယ်။

ဒီနေ့ ရဲစခန်းကို သွားမေးရာမှာ‌တော့ ပြန်ရောက်နေပြီလို့ပဲ သိရပြီး တွေ့ခွင့်တော့မရခဲ့ဘူးလို့ သိရပါတယ်။ ဒါ့ကြောင့် မနေ့က စခန်းမှာ မရှိတာဟာ စစ်ကြောရေးတခုခုဆီ ခေါ်သွားတာ ဖြစ်နိုင်မယ်လို့ မိသားစုက သုံးသပ်ပြီး ညှဉ်းပန်းနှိပ်စက်ခံရမှာကို စိုးရိမ်နေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up