close

ပေါင်မြို့နယ် YMBA အသင်း နာယက ၁ ဦး ပစ်သတ်ခံရ

မွန်ပြည်နယ်၊ ပေါင်မြို့နယ် YMBA အသင်း နာယကတစ်ဦး အောက်တိုဘာ ၇ ရက်နေ့ မနက်ပိုင်းမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။

YMBA အသင်း နာယက ဦးခင်မောင်ဦးကို ပေါင်မြို့၊ မိုးနိုင်းရပ်ကွက်၊ စွယ်တော်သုသာန်အနီးမှာ အမည်မသိ သေနတ်သမားတွေက ပစ်သတ်သွားခဲ့တာ ဖြစ်ပါတယ်။

ဦးခင်မောင်ဦးဟာ သေနတ်ပစ်ခံရမှုကြောင့် ဒဏ်ရာ ၈ ချက် ရရှိခဲ့ပြီး ဦးခေါင်းကြွေမွ ဒဏ်ရာနဲ့ အခင်းဖြစ် နေရာမှာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသွားတဲ့ ဦးခင်မောင်ဦးဟာ ပေါင်က စွယ်တော်သုသာန်အနီးမှာ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူဖြစ်ပြီး စစ်တပ်ထောက်ခံသူတစ်ဦးဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဦးခင်မောင်ဦး သေဆုံးပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က ပေါင်မြို့နယ်အတွင်း ပိတ်ဆို့စစ်ဆေးမှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ပေါင်မြို့နယ် YMBA အသင်းကို ပြီးခဲ့တဲ့နှစ် မေလမှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး၊ မွန်ပြည်နယ် YMBA အသင်းကိုတော့ စစ်ကောင်စီရဲ့ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

YMBA အသင်းဟာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဟာမင်္ဂလဓမ္မဇောတိကဓဇ၊ အဂ္ဂ မဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့တော် ချီးမြှင့်ထားသလို ရာသက်ပန်ဂုဏ်ထူးဆောင် နာယကအဖြစ် သတ်မှတ်ပေးထားတဲ့ အဖွဲ့တစ်ခု ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up