close

ဒီမိုကရက်တစ်လူမှုဘဝကို ကာကွယ်ရန် ဘာမဆိုလုပ်မည်ဟု ထိုင်ဝမ်သမ္မတ ပြော

တရုတ်နဲ့တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ထိုင်ဝမ်ဟာ စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်ဖို့ မကြိုးစားဘဲ သူ့ရဲ့လွတ်လပ်မှုနဲ့ ဒီမိုကရက်တစ်လူနေမှုဘ၀ကို ကာကွယ်ဖို့ ဘာမဆိုလုပ်မှာပဲလို့ ထိုင်ဝမ်သမ္မတ ဆိုင်းအင်ဝန်က အောက်တိုဘာ ၈ ရက်မှာ ပြောကြားလိုက်ပါတယ်။ 

ထိုင်ဝမ်ဟာ အရှေ့တရုတ်၊ တောင်တရုတ်ပင်လယ်နဲ့ ထိုင်ဝမ်ရေလက်ကြားမှာ လက်နက်ကိုင်ပဋိပက္ခများကို ကာကွယ်ဖို့ ဒေသတွင်းဆောင်ရွက်သူတွေနဲ့ ပူးပေါင်းဖို့လည်း တိုင်ပေမှာ ပြုလုပ်တဲ့ ယူရွှမ်ဖိုရမ်မှာ ကတိပြုလိုက်ပါတယ်။ 

အင်ဒို-ပစိဖိတ်ဒေသတွင်းမှာ ဖြစ်ပျက်နေတဲ့ကိစ္စတွေဟာ ၂၁ ရာစုကို အဆုံးစွန်ပုံဖော်သွားမှာ ဖြစ်ပြီး ကုန်သွယ်ရေးနဲ့ထုတ်လုပ်ရေးမှသည် သုတေသနနဲ့ပညာရေးအထိ အရာအားလုံးအတွက် မရေ မတွက်နိုင်တဲ့ အခွင့်အလမ်းတွေကို ပေးတယ်လို့လည်း ဆိုပါတယ်။ 

ဒါပေမဲ့လည်း တင်းမာမှုအသစ်တွေနဲ့ စနစ်တကျ ပုံဖော်လုပ်ဆောင်နေတဲ့ ဆန့်ကျင်ဘက်ပြုမှု တွေကို ဂရုတစိုက်မကိုင်တွယ်နိုင်ရင် နိုင်ငံတကာလုံခြုံရေးနဲ့ ကမ္ဘာ့စီးပွားရေးအပေါ် ဆိုးဆိုးဝါးဝါး သက်ရောက်မှု ရှိစေနိုင်တယ်လို့လည်း ပြောပါတယ်။  

ထိုင်ဝမ်ကို သူတို့အပိုင်လို့ အခိုင်အမာယူဆထားတဲ့တရုတ်က အောက်တိုဘာ ၁ ရက် ကစပြီး ၄ ရက်တာကာလအတွင်းမှာ တရုတ်လေတပ်လေယာဉ် ၁၅၀ လောက်ဟာ လေကြောင်း ကာကွယ်ရေးဇုန်ထဲမှာ ပျံသန်းခဲ့တယ်လို့ ထိုင်ဝမ်က ထုတ်ပြန်ထားပါတယ်။

ထိုင်ဝမ်ရဲ့စစ်တပ်တွေကို အင်အားလျော့နည်းစေပြီး တုံ့ပြန်နိုင်စွမ်းကိုစမ်းသပ်ခဲ့တဲ့ မီးခိုးရောင်ဇုန်စစ်ဆင်ရေးလို့ ရှုမြင်ထားတဲ့ ဒီလှုပ်ရှားမှုတွေကို ထိုင်ဝမ်က စောဒကတက်ထားတာ တစ်နှစ်ကျော်လောက် ရှိနေပါပြီ။ 

ဒီဖိုရမ်မှာတက်ရောက်လာတဲ့ သြစတြေးလျ၀န်ကြီးချုပ်ဟောင်း တိုနီအဘော့တ်ကလည်း သူ့နိုင်ငံကိုသာမက ထိုင်ဝမ်ကိုပါ ရည်ရွယ်တဲ့ တရုတ်ရဲ့ရန်လိုတဲ့လုပ်ရပ်အတွက် တရုတ်ကို ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

ဒီလို ထိုင်ဝမ်ကိုမြိုနေတဲ့ တရုပ်ရဲ့လုပ်ရပ်ကို အမေရိကန်နဲ့ဩစတြေးလျတို့က ထိုင်ကြည့်နေမှာ မဟုတ်ဘူးလို့လည်း  တိုနီအဘော့တ်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up