close

ကော့ကရိတ်တိုက်ပွဲတွင် စစ်ကောင်စီတပ်က အရာရှိအပါအဝင် ၁၁ ဦးသေ၊၂၄ ဦး ဒဏ်ရာရ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊  ကေအန်ယူထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်ထဲ ကျူးကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကေအန်ယူတို့အကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိအပါအဝင် ၁၁ ဦးသေဆုံးပြီး  ၂၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူက အောက်တိုဘာ ၁၃ ရက်မှာ သတင်းထုတ်​ပြန်ပါတယ်။

အောက်တိုဘာ ၉ ရက်မှ  ၁၂ ရက်အထိ  ရွာသစ်ကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ ကေအန်ယူတို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ခမရ ၅၅၆ တပ်ရင်းက ဗိုလ်အပါအဝင်  ၁၁ ဦးကျဆုံးပြီး ၂၄ ဦးဒဏ်ရာရရှိခဲ့တာပါ။

ကေအန်ယူ တာဝန်ရှိသူတစ်ဦးက"သေတာက ၁၁ ယောက်နဲ့ ဒဏ်ရာရတာက ၂၄ ယောက်။ သေတဲ့အထဲ ဗိုလ် တယောက်ပါတယ်။ ဒဏ်ရာရတဲ့ သူအထဲမှာလည်း  တပ်စိတ်မှူးပါတယ်လို့တော့ သိထားတယ်။"လို့ ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ-၅၅၆ တပ်ရင်းက ကေအန်ယူထိန်းချုပ်နယ်မြေထဲကို  ရွာသစ်ကျေးရွာလမ်းက​နေ ကျူးကျော်ဝင်ရောက်လာတဲ့အတွက် ကေအန်အယ်လ်အေ တပ်ရင်း ၁၈ နဲ့ ထိပ်တိုက်တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

နယ်မြေအတွင်းကျူးကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီရဲ့တပ်တွေဟာ တိုက်ပွဲအတွင်း စနိုက်ပါသေနတ်သမားရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေအပြင် မိုင်းဟောင်းနင်းမိ​ပြီး သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေရှိတယ်လို့ ဆိုပါတယ်။

​အဆိုပါ တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း အကြမ်းဖက်စစ်တပ် ခမရ- ၅၅၆ က လက်နက်ကြီး အချက် ၃၀ လောက် ပစ်ခတ်ခဲ့လို့  တတာကူး ကျေးရွာသူ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သလို နေအိမ်တချို့ လက်နက်ကြီးထိမှန်ပျက်စီးခဲ့ပြီး ရွာသစ်ကျေးရွာနဲ့ ကမိုင်ကုန်းကျေးရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ အန်စီအေစာချုပ်ကိုဖော်ဖျက်ပြီး ကော့ကရိတ်မြို့ အာရှလမ်းမကြီးဘေးကနေ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေအတွင်းကို နယ်မြေ ကျူးကျော်ဝင်ရောက်လာကာ စစ်အင်အားတိုးချဲ့ဖို့ လုပ်ဆောင်လာလို့  တိုက်ပွဲတွေဖြစ်ပွားတာလို့  ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီကတော့ စစ်ရေးလှုပ်ရှားမှုတွေ ၅ လ ထပ်မံရပ်စဲထားတယ်လို့ မကြာသေးခင်ကပဲ ထပ်မံ ထုတ်ပြန်ထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up