close

စိတ်ချမ်းမြေ့စရာကမ္ဘာဖြစ်အောင် ဖေ့စ်ဘွတ်ခ်အမည်ပြောင်းဟု ဇူကာဘာ့ဂ်ပြော

ဆိုရှယ်မီဒီယာလောက်နဲ့ ရပ်တန့် မနေတော့ဘဲ Metaverse လို့ ခေါ်တဲ့ အင်တာနက်ပေါ်က စိတ်ချမ်းမြေ့စရာ ကမ္ဘာဖြစ်အောင် အာရုံစိုက်ချင်လို့ ပြောင်းလဲရတာလို့  ကုမ္ပဏီရဲ့ စီအီးအိုဖြစ်တဲ့ မာခ်ဇူကာဘာ့ဂ် ပြောပါတယ်။ 

Facebook Inc ကို  Meta လို့ ပြောင်းလဲလိုက်တယ်လို့ ကုမ္ပဏီက ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်က  ကြေညာခဲ့တာဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး ဆိုရှယ်မီဒီယာ အပေါ် ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတဲ့အချိန်မှာ အခုလို ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။ 

ကုမ္ပဏီ နာမည်ကို ပြောင်းလဲလိုက်ပေမယ့် သူရဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်း နာမည်ဖြစ်တဲ့ Facebook ကိုတော့ နဂိုအတိုင်းပဲ ဆက်လက် ထားရှိပါတယ်။

ဈေးကွက်နဲ့ အမှတ်တံဆိပ် ဖန်တီးတာနဲ့ ပတ်သက်တဲ့ ကျွမ်းကျင်သူ အဲလန် အဒမ်ဆင်ကတော့ ဖေ့စ်ဘွတ်ခ်နာမည်ကို ပြောင်းလဲလိုက်တာကို လူတွေက တမျိုးတဖုံ နားလည်ထားကြတယ်လို့ ပြောပါတယ်။

အဒမ်ဆင်က “ကုမ္ပဏီ နာမည်အသစ်ကို ထုတ်ကြေညာတဲ့ အချိန်က အဓိက ကျတယ်။ ဇူကာဘက်က လူတွေကို ကျနော် ဆက်ကြိုးစားနေပါတယ်။ အနာဂတ်ကို မျက်နှာမူကြပါ။ အခု ဖေ့စ်ဘွတ်ခ်မှာ ဖြစ်နေတာတွေ လောက်ကို အာရုံ မစိုက်ကြပါနဲ့ ဆိုတာမျိုး ဖြစ်အောင် အာရုံ လှည့်စားလိုက်တဲ့ သဘောလို့မြင်တယ်”လို့ ဝေဖန်ပါတယ်။

ဇူကာဘာ့ဂ် ပြောတဲ့ metaverse ဆိုတဲ့ အသုံးအနှုန်းဟာ စိတ်ကူးယဉ် “Snow Crash" ဝထ္ထု ဖြစ်ထဲက စကားလုံး ဖြစ်ပါတယ်။ 

ဝထ္ထုထဲက စိတ်ကူးယဉ် အင်တာနက် ကမ္ဘာဟာ လူတိုင်းက ဆက်သွယ်ရေး ပစ္စည်း တမျိုးမျိုးကို အသုံးပြုပြီး ချိတ်ဆက်ထားတဲ့ virtual ကမ္ဘာတစ်ခု ဖြစ်ပါတယ်။

ဇူကာဘာ့ဂ်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ဆိုတာဟာ  ပုံစံတမျိုးတည်း၊ ထုတ်ကုန် တမျိုးတည်း ဖြစ်နေတာကြောင့် အနာဂတ် ကမ္ဘာမပြောနဲ့ ဒီနေ့ ကမ္ဘာကြီးနဲ့တောင် အဟပ်မညီတော့ဘူးလို့ ဆိုပါတယ်။

အခုလို ပြောင်းလဲလိုက်ခြင်းအားဖြင့် နည်းပညာတွေပေါင်းစုံကို ဆက်စပ်ပေါင်းကူးပေးမှာ ဖြစ်သလို၊ ကုမ္ပဏီရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကိုပါ ပြောင်းလဲသွားမယ်လို့ ဆိုပါတယ်။ 

ဒီနေ့ ဖေ့စ်ဘွတ်ခ်ကို လစဉ် အသုံးပြုနေတဲ့ လူဦးရေက သန်း ၂၉၀၀ ရှိပါတယ်။ ဒီလို နည်းပညာ ဧရာမကုမ္ပဏီကြီးဟာ အငြင်းပွားဖွယ်ရာ ကိစ္စတွေနဲ့လည်း ကြုံနေရပါတယ်။ 

ဒီထဲက တစ်ခုကတော့ ဖေ့စ်ဘွတ်ခ် ဝန်ထမ်းဖြစ်တဲ့ ဖရန့်စက်ဟာဂန်က ပြန်ပြီး ဖော်ထုတ်လိုက်တဲ့ ကုမ္ပဏီဟာ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတွေရဲ့ လုံခြုံရေးထက် အမြတ်အစွန်းရရေးကို ဦးစားပေးတယ်ဆိုတာ ခိုင်လုံတဲ့ စာရွက်စာတမ်းတွေ ဖြစ်ပါတယ်။ 

ဇူကာဘာ့ဂ်ကတော့ စာရွက်စာတမ်းတွေဟာ ကုမ္ပဏီကို ပုံဖျက်ချင်လို့ တလွဲအသုံးပြုထားတာတွေ ပါလို့ ငြင်းချက်ထုတ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up