close

ဖေ့စ်ဘွတ်ခ်

close

May 9, 2023

ဖေ့စ်ဘွတ်ခ်တည်ထောင်သူ မာ့ခ်ဇူကာဘက် ဂျူဂျစ်ဆုပြိုင်ပွဲတွင် ရွှေနှင့် ငွေတံဆိပ် ရရှိ

အသက် ၃၈ နှစ်အရွယ် ဖေ့စ်ဘွတ်ခ်တည်ထောင်သူ၊ နည်းပညာဘီလျံနာ မာ့ခ် ဇူကာဘက်ဟာ ကယ်လီဖိုးနီးယားပြည်နယ် ရက်ဝုဒ်မြို့မှာ လေ့ကျင့်သင်ကြားနေတဲ့ ဂေါ်ရီလာ ဂျူဂျစ်ဆု အဖွဲ့အတွက် ယှဉ်ပြိုင်ခဲ့ပြီး ရွှေနဲ့ ငွေ တံဆိပ် ရရှိခဲ့ပါတယ်။

သူ့ရဲ့နည်းပြတွေ၊ မြေပြင်မှာ ပြိုင်ဘက်တွေနဲ့ ထိပ်တိုက်တွေ့နေတဲ့ ဓာတ်ပုံတွေနဲ့အတူ အံ့ဩစရာကောင်းတဲ့သတင်းကို သူ့ရဲ့ အင်စတာဂရမ် နောက်လိုက်  ၁၁ ဒသမ ၃ သန်းကို မျှဝေခဲ့ပါတယ်။

ဇူကာဘတ်ရဲ့ နည်းပြထဲက တဦးဖြစ်တဲ့ ခိုင်ဝူက “မနေ့က ဇက် ယှဉ်ပြိုင်တာကို တွေ့ရတာ တော်တော်လေး အံ့မခန်းပါပဲ။ ဘယ်ပွဲကမှတော့‌ လွယ်လွယ်ကူကူ မဟုတ်ပါဘူး။ ဒါပေမဲ့ ရခဲ့တယ်။ တတ်နိုင်သမျှ အကြံဉာဏ်တွေ ပေးနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်” လို့ ပြောပါတယ်။

UFC ချန်ပီယံဟောင်း ကော်နာ မဂရီဂေါက “အရမ်းမိုက်တယ် မာ့ခ်” လို့ ရေးခဲ့သလို ဂျူဂျစ်ဆု ချန်ပီယံ ဘရာဇီးသား ဘာနန်ဒို ဖာရီကလည်း “အံ့သြစရာပဲ၊ ခြေထောက်ချုပ်ကွက်၊ လက်မောင်းချုပ်ကွက်နဲ့ တြိဂံချုပ်ကွက်တွေ အရမ်းမိုက်တယ်” လို့ ရေးသားထားပါတယ်။

ဇူကာဘက်ရဲ့ နည်းပြ ဒေ့ဗ် ကာမာရီလိုနဲ့ ဂျိမ်း တယ်ရီတို့ အလုပ်လုပ်ကိုင်တဲ့ ဂေါ်ရီလာ ဂျူဂျစ်ဆု အကယ်ဒမီဟာ ဆန်းဂျို့စ်မှာ အခြေစိုက်ပြီး အားကစားမှာ ယှဉ်ပြိုင်လိုသူတွေ အတွက် လူငယ် အခြေခံမှ လူကြီး အဆင့်မြင့်အထိ လေ့ကျင့်ရေးအစီအစဉ်တွေကို လုပ်ဆောင်ပေးပါတယ်။

2 mins Ago

February 23, 2023

ဖေ့စ်ဘွတ်ခ်က လစဉ်ကြေးပေးသွင်းရမည့် အစီအစဉ်ကို သြစတြေးလျနှင့် နယူးဇီလန်တို့တွင် စတင်မည်

ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ရဲ့ မိခင်ကုမ္ပဏီ မက်တာဟာ သုံးစွဲသူတွေရဲ့အကောင့်ကို အတည်ပြုတဲ့ အပြာရောင် အမှန်ခြစ်သင်္ကေတ ရယူနိုင်မယ့် လစဉ်ကြေးပေးသွင်းမှုဆိုင်ရာ ဝန်ဆောင်မှုအစီအစဉ်ကို သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတို့မှာ ဒီတပတ်နှောင်းပိုင်း စတင်အသုံးပြုနိုင်တော့မယ်လို့ ကုမ္ပဏီ စီးအီးအိုဖြစ်သူ မာ့ခ် ဇူကာဘတ်က ဖေဖော်ဝါရီ ၁၉ ရက်မှာ ပြောလိုက်ပါတယ်။

ဒီအစီအစဉ်ထဲမှာ အင်စတာဂရမ်နဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်တွေက ပုံစံတူ အယောင်ဆောင်မှုတွေကို ပိုမိုအကာအကွယ်ပေးမှာဖြစ်ပြီး လစဉ်ကြေးအနေနဲ့ ဝက်ဘ်ဆိုက်မှာ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၉၉ ကျသင့်ကာ IOS နဲ့ Android စနစ်တွေမှာတော့ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၉၉ အထိ ပေးသွင်းရမှာ ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ခံတွေကတော့ ဒီအစီအစဉ်အပေါ် ယုံကြည်လက်ခံမှုမရှိသလို အဲ့ဒီအတွက်လည်း ငွေပေးမှာမဟုတ်ဘူးလို့ ဖေဖော်ဝါရီ ၂၁ ရက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ဒါဟာ နောက်ထပ် လူမှုကွန်ရက်ကုမ္ပဏီတခုဖြစ်တဲ့ တွစ်တာက အသိအမှတ်ပြု အမှန်ခြစ်သင်္ကေတအတွက် လစဉ်ကြေးအဖြစ် ၁၁ ဒေါ်လာ ကောက်ခံမယ်လို့ ပြီးခဲ့တဲ့လက ကြေညာခဲ့ပြီးနောက် မက်တာကုမ္ပဏီကလည်း ဒီဝန်ဆောင်မှုအစီအစဉ်အသစ်ကို ချက်ချင်း မိတ်ဆက်လာခဲ့တာပါ။

တခြား လူမှုကွန်ရက်အက်ပ်တွေ ဖြစ်ကြတဲ့ Snapchat နဲ့ တယ်လီဂရမ်တို့ကလည်း ဘဏ္ဍာရေးရင်းမြစ်အသစ်အဖြစ် ငွေပေးချေဝယ်ယူနိုင်တဲ့ ဝန်ဆောင်မှုတွေကို ပြီးခဲ့တဲ့နှစ်ကမှ စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

2 months Ago
Up