ငါးဖမ်းခြင်း ရပ်တန့်ရန် ပြင်သစ်ကို ဗြိတိန် တိုက်တွန်း

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး လစ်ဇ်ထရပ်စ်က ငါးဖမ်းတာရပ်ဖို့ ပြင်သစ်နိုင်ငံကို နိုဝင်ဘာ ၁ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
လယ်ဟာဗရေမြို့နားက ပြင်သစ် ရေပိုင်နက်ထဲမှာ ဂုံးကောင်ရှာတဲ့ ဆွဲပိုက်ချ ဗြိတိန်သင်္ဘော Cornelis Gert Jan ကို ပြင်သစ်က သိမ်းခဲ့လို့ အောက်တိုဘာ ၂၇ ရက်က နှစ်နိုင်ငံကြား ငါးဖမ်းခွင့်နဲ့ပတ်သက်ပြီး အငြင်းပွားခဲ့ကြပါတယ်။
ဒီငါးဖမ်းခြင်းကြောင့် ဥရောပရဲ့ အကြီးဆုံးစီးပွားရေး အင်အားကြီးနိုင်ငံ နှစ်နိုင်ငံဖြစ်တဲ့ ဗြိတိန်နဲ့ ပြင်သစ်တို့ကြား ကုန်သွယ်ရေး အငြင်းပွားမှု ကျယ်ပြန့်လာမယ့် ဘေးတွေ ခြိမ်းခြောက်နေတာပါ။
ပြင်သစ်ဆိပ်ကမ်းတချို့မှာ ဗြိတိန်သင်္ဘောတွေ ကမ်းကပ်ခွင့် တားမြစ်ပိတ်ပင်ပြီး ဗြိတိန်က ကုန်စည်တွေကို နယ်စပ်နဲ့ သန့်ရှင်းရေး ပိုတိုးစစ်ဆေးမယ့် အလားအလာတွေနဲ့အတူ နိုဝင်ဘာ ၂ ရက်ကစပြီး ပြင်သစ်နဲ့ ဗြိတိန်ကြားက အင်္ဂလိပ်ရေလက်ကြားကို ဖြတ်ကျော် ကုန်သွယ်ရေးကို ပိတ်ဆို့နိုင်တယ်လို့ ပြင်သစ်အစိုးရက ခြိမ်းခြောက်ပါတယ်။
EU နဲ့ ချုပ်ဆိုထားတဲ့ ကုန်သွယ်ရေး သဘောတူညီချက်ထဲက အငြင်းပွားမှု ဖြေရှင်းရေးယန္တရားကို သုံးပြီး ပြင်သစ်ကို အရေးယူဖို့ စီစဉ်နေတယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးက ဘီဘီစီ သတင်းဌာနကို ပြောပါတယ်။
ဥရောပသမဂ္ဂကနေ ဗြိတိန် နုတ်ထွက်ချိန်က သဘောတူထားတဲ့ ကုန်သွယ်ရေး သဘောတူညီ ချက်အောက်မှာ တရားရင်ဆိုင်မလား၊ ခြိမ်းခြောက်မှုတွေကို ရပ်မလားလို့ ထရပ်စ်က ပြင်သစ်ကို ပြောပါတယ်။