close

မကွေးနှင့် စစ်ကိုင်းတို့တွင် အုပ်ချုပ်ရေးမှူး ၂ ဦးအပါအဝင် ၄ ဦး အသတ်ခံရ

မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေနဲ့ သတင်းပေးတွေ အသတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ နိုဝင်ဘာလ ၁ ရက်နေ့တရက်တည်း စစ်ကောင်စီခန့် သတင်းပေးအုပ်ချုပ်ရေးမှူး ၁ ဦးနဲ့ စစ်ကောင်စီသတင်းပေးသူ ၁ ဦးတို့ အသတ်ခံလိုက်ရတယ်လို့ သိရပါတယ်။

အသတ်ခံလိုက်ရသူတွေဟာ နတ်မောက်မြို့နယ်၊ သားမျှားကျေးရွာက စစ်ကောင်စီခန့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးသန်းဆင့် နဲ့ နတ်မောက်မြို့နယ်၊ (န) လက်ခုပ်ပင်ကျေးရွာက သတင်းပေးဒလန်လို့ အများကသတ်မှတ်ခံထားရတဲ့ ကိုခင်မောင်ဆန်း (ခေါ်) ဖိုးတုတ် တို့ ဖြစ်တယ်လို့ သိရပါတယ်။

သားမျှားဒေသခံတဦးက “အုပ်ကြီးအိမ်ထဲကိုဝင်ပစ်သွားတာ။ ၁ ချက်ထဲမှန်တာကို ချက်ကောင်းထိသွားတယ်ထင်တယ် တန်းသေသွားတယ်။ လုပ်သွားတဲ့သူတွေက ဆိုင်ကယ်နဲ့လာတာဗျ” လို့ ပြောပါတယ်။

နတ်မောက်မြို့နယ် (န) လက်ခုပ်ပင်ကျေးရွာက သတင်းပေးဒလန်လို့ အများကသတ်မှတ်ခံထားရတဲ့ ကိုခင်မောင်ဆန်း (ခေါ်) ဖိုးတုတ်ကတော့ ထိုးသွင်းရာတွေနဲ့ သေဆုံးနေတာတွေ့ရတယ်လို့  မြက်မြင်တဦးက ပြောပါတယ်။

''ဖိုးတုတ် က သတင်းပေးလို့ အရင်ရက်က စစ်သားတွေရွာထဲဝင်စီးတာခံလိုက်ရတယ်။ အရင်လပိုင်းကလည်း အဲ့လိုပဲ။ သူက မဟုတ်တဲ့သတင်းသွားပေးတွေကို သူ့ဖအေတွေကိုသွားပေးတော့ ရွာနာတာပေါ။ ခုတော့ သူ့ပထွေးတွက ထိုးသွားတော့ သေတာပေါ့။ အချက်ပေါင်းမနည်းဘူးပဲဗျ။”  

ဗိဿနိုးတပ်မတော် ပြန်ကြားရေးတာဝန်ခံက “ဖြစ်စဉ် ၂ ခုလုံးကို ဗိဿနိုးတပ်ဖွဲ့ဝင်တွေက လုပ်ဆောင်ခဲ့တာပါ။ ထူးခြားမှုက (န)လက်ခုပ်ပင်က ဒလန် ဖိုးတုတ် ကို သူ့ရွာအပြန်လမ်းမှာ ဓားနဲ့ အချက် ၃၀ လောက်ထိုးပြီး ပြည်သူတွေကိုယ်စားလက်စားချေပေးနိုင်ခဲ့တာဘဲ” လို့ ပြောပါတယ်။

နတ်မောက်မြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးရာထူးယူထားသူတွေအနေနဲ့ နိုဝင်ဘာ ၁ ရက်နေ့ကစပြီး နောက် ၁၄ ရက်အတွင်း ရာထူးကနေနုတ်ထွက်ကြဖို့ ထုတ်ပြန်ကြေညာထားပါတယ်။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ညောင်ကန်ကျေးရွာမှာလည်း ပျူစောထီးခေါင်ဆောင် တစ်ဦးနဲ့ နောက်လိုက်တစ်ဦး ဒီနေ့ မနက် ၈ နာရီခွဲကျော်လောက်က ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံရွာသားတွေဆီက သိရပါတယ်။

“အသတ်ခံရသူတစ်ယောက်က စစ်ကောင်စီ စစ်ဆေးရေးတွေမှာ လိုက်ပြီးစစ်ဆေးနေတာ တွေ နေတိုင်းလုပ်နေသူပါ။အမည်အရင်းကတော့မသိဘူး အများကခေါ်တာကတော့ နှပ်ချေးလို့ ခေါ်ကြတာ။ အသက်က ၄၀ ကျော်လောက်ဖြစ်မယ်။ နောက်တစ်ယောက်က သူရဲ့တပည့်ပေါ့။ အမည်က ချစ်စိုးဗျ။ အသက်က ၄၀ ဝန်းကျင်လောက်ရှိမယ်။ နေရာတင်သေလောက်တယ်” လို့ ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။

ဘုတလင်မြို့နယ် ညောင်ကန်ကျေးရွာအတွင်း ဒလန်လို့အမည်ကျော်သူ အရင်လက တစ်ဦးအသက်ခံရတာတွေ ရှိခဲ့ပြီး  အခုအကြိမ်အသက်ခံရတာနဲ့ဆိုရင် ညောင်ကန်ကျေးရွာမှာ သုံးဦးရှိပြီလို့ သိရပါတဘ်။ 

ဘုတလင်မြို့နယ်အတွင်း အောက်တိုဘာ ၃၁ ရက်ကနေ နိုဝင်ဘာ ၂ ရက်နေ့အထိ ဒလန်ဆိုပြီးအသက်ခံရတာ ၄ ဦးအထိရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up