close

အာဖဂန်နစ္စတန် ကဘူးလ်မြို့ရှိ စစ်ဆေးရုံ တိုက်ခိုက်ခံရပြီး လူ ၂၅ ဦးထက်မနည်း သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်ရဲ့ မြို့လယ်က နိုင်ငံ့အကြီးဆုံး စစ်ဆေးရုံကို နိုဝင်ဘာ ၂ ရက်က တိုက်ခိုက်ခံရလို့ လူ ၂၅ ယောက်ထက်မနည်း သေဆုံးပြီး လူ ၅၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

ခုတင် ၄၀၀ ဆံ့ ဆာဒါမိုဟမ်မဒ်ဒါဝတ်ခန်း ဆေးရုံဝင်ပေါက်မှာ အကြီးစားဖောက်ခွဲမှု ၂ ရပ် ဖြစ်အပြီး သေနတ်သမားတွေက ဆေးရုံကို တိုက်ခိုက်ခဲ့တာလို့ တာလီဘန် အရာရှိတွေက ပြောပါတယ်။

တိုက်ခိုက်သူ ၄ ယောက်ကို တာလီဘန် လုံခြုံရေးတပ်တွေက သတ်နိုင်ခဲ့ပြီး ၅ ယောက်မြောက် တိုက်ခိုက်သူကို အရှင်ဖမ်းမိခဲ့တယ်လို့ တာလီဘန် ပြောခွင့်ရက ပြောပါတယ်။

အနောက်နိုင်ငံတွေက ကျောထောက်နောက်ခံပေးထားတဲ့ အစိုးရကို ဩဂုတ်လမှာ တာလီဘန် တွေက လုံးဝ အနိုင်ရပြီးတည်းက နိုင်ငံတဝန်း တိုက်ခိုက် သတ်ဖြတ်မှု တိုးလာနေတာကြောင့် ဆယ်စုနှစ်ချီ စစ်ပွဲတွေအပြီးမှာ အာဖဂန်လုံခြုံရေး ပြန်ရအောင် လုပ်မယ် ဆိုတဲ့ တာလီဘန်တွေရဲ့ အခိုင်အမာ ကြေညာချက်ကို လှိုက်စားသလို ဖြစ်နေပါတယ်။

ဒီတိုက်ခိုက်မှုကို ဘယ်သူကမှ တာဝန်မခံသေးပေမယ့် အိုင်အက်စ် စစ်သွေးကြွတွေရဲ့ ရှုပ်ထွေးတဲ့ တိုက်ခိုက်မှုပုံစံ ဖြစ်နေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

အိုင်အက်စ်တွေရဲ့ ဗုံးခွဲမှု ကွင်းဆက်တွေဟာ တာလီဘန်တွေ ထိန်းချုပ်ထားတဲ့ အာဖဂန်နစ္စတန် အတွက် အကြီးဆုံး ခြိမ်းခြောက်မှု ဖြစ်နေတယ်လို့လည်း ရိုက်တာက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up