close

အာဖဂန်နစ္စတန်

close

February 22, 2023

ပါကစ္စတန်-အာဖဂန်နစ္စတန် နယ်စပ်တွင် ကုန်ကားစီးရေထောင်ချီ ပိတ်မိနေ

ပါကစ္စတန်နဲ့ ကုန်းတွင်းပိတ် အာဖဂန်နစ္စတန်ကြား ခရီးသွားတွေနဲ့ ကုန်ပစ္စည်းတွေ သွားလာရာ အဓိက နယ်စပ်ဖြတ်ကျော်ရေးစခန်း ထော်ခမ်ကို တာလီဘန်အာဏာပိုင်တွေက ဖေဖော်ဝါရီ ၁၉ ရက်ကစပြီး သုံးရက်ကြာ ပိတ်ထားခဲ့လို့ ဖေဖော်ဝါရီ ၂၁ ရက်က ကုန်ကားစီးရေထောင်ချီ ပိတ်မိနေပါတယ်။

နှစ်ဖက်စလုံးက တာဝန်ရှိသူတွေက ဖြေရှင်းချက်ပေးဖို့ အကျိုးဆောင်ရေး ကြိုးစားနေဆဲ ဖြစ်ပြီး စီးပွားရေးလုပ်ငန်းတွေကတော့ အဆုံးအရှုံးတွေနဲ့ ရင်ဆိုင်နေရပါတယ်။

နယ်စပ်ကိုမပိတ်ခင် အကြောင်းရင်းကို သူတို့ကို မပြောခဲ့ဘူးလို့ ပါကစ္စတန်အရာရှိတဦးက ပြောပါတယ်။

ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်နိုင်ငံတို့အကြား နယ်စပ်ပိတ်တာဟာ နှစ်နိုင်ငံလုံးက ကုန်သည်တွေအတွက် ဆုံးရှုံးမှုတွေ ဖြစ်စေတယ်လို့ ပါကစ္စတန်-အာဖဂန်နစ္စတန် ကုန်သွယ်ရေးနှင့် စက်မှုလက်မှု ကုန်သည်ကြီးများအသင်း (PAJCCI) က ပြောပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်ကစပြီး နှစ်ဖက်စလုံးမှာ ကုန်စည်တွေတင်ထားတဲ့ ကုန်ကားအစီးရေ ၆,၀၀၀ အထိ ပိတ်မိနေခဲ့တယ်လို့ PAJCCI က ပြောပါတယ်။

ပါကစ္စတန်ဟာ အကူးအပြောင်း၊ ခရီးသွားတွေနဲ့ ဖျားနာသူတွေကို ဖြတ်ကျော် ဝင်ရောက်ခွင့်ပြုရေး သူ့ရဲ့ ကတိကဝတ်တွေအတိုင်း မလိုက်နာဘူးလို့  ပြည်နယ် တာလီဘန်အရာရှိတဦးက ဖေဖော်ဝါရီ ၂၀ ရက်မှာ ပြောခဲ့ပါတယ်။

ပါကစ္စတန်အစိုးရကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး လူသိရှင်ကြား မှတ်ချက်မပေးသေးပါဘူး။ အထူးသဖြင့် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်တွေလို လတ်ဆတ်တဲ့ အစားအစာတွေ ထောက်ပံ့ပေးနေတဲ့ ကုန်သည်တွေက ကုန်ကားတွေ လမ်းပေါ်မှာ လွန်ခဲ့တဲ့သုံးရက်အတွင်း သောင်တင်နေလို့ ဆုံးရှုံးမှုနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက် မနက်ပိုင်းက ထော်ခမ် နယ်စပ်ကုန်သွယ်ရေးစခန်းနားမှာ ပစ်ခတ်မှု ပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေက သတင်းပို့ပေမဲ့ တိုက်ပွဲမဖြစ်ခဲ့ဘူးလို့ တာလီဘန်အရာရှိက ငြင်းပြီး အခြေအနေကို ထိန်းနိုင်ခဲ့တယ်လို့ ပြောပါတယ်။

၁,၆၁၅ မိုင်ရှည်တဲ့ နယ်နိမိတ်နဲ့ ထိစပ်နေတဲ့ အိမ်နီးချင်း နှစ်နိုင်ငံကြားမှာ ဆယ်စုနှစ်များစွာ ဖြစ်ခဲ့တဲ့  အငြင်းအခုံကိစ္စရပ်တွေ ရှိနေပါတယ်။

9 mins Ago

December 21, 2022

အာဖဂန်အမျိုးသမီးများကို တက္ကသိုလ်ဝင်ခွင့် ဆိုင်းငံ့ထားရန် တာလီဘန် ထုတ်ပြန်

အာဖဂန်နစ္စတန်နိုင်ငံရှိ တာလီဘန်တွေ ကြီးမှူးတဲ့ အဆင့်မြင့်ပညာရေးဝန်ကြီးဌာနဟာ ကျောင်းသူတွေအတွက် တက္ကသိုလ်ဝင်ခွင့်ကို နောက်ထပ်ညွှန်ကြားစာ မထွက်မချင်း ဆိုင်းငံ့ထားဖို့ ဒီဇင်ဘာ ၂၀ ရက်က ထုတ်ပြန်လိုက်ပြီး ဒါကို အမေရိကန်၊ ဗြိတိန်နဲ့ ကုလသမဂ္ဂတို့ကလည်း ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပါတယ်။

အစိုးရဆုံးဖြတ်ချက်အရ အမျိုးသမီးတွေရဲ့ ကျောင်းဝင်ခွင့်ကို ချက်ချင်းရပ်ဆိုင်းဖို့ အာဖဂန် အစိုးရတက္ကသိုလ်တွေနဲ့ ပုဂ္ဂလိက တက္ကသိုလ်တွေကို ညွှန်ကြားထားတဲ့ စာတစောင်ကို တာလီဘန် ဦးစီးတဲ့ အဆင့်မြင့်ပညာဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာက အသိအမှတ်မပြုတဲ့ တာလီဘန်အစိုးရရဲ့ ကြေညာချက်ဟာ တက္ကသိုလ်ကျောင်းသား အများအပြား နှစ်ကုန်စာမေးပွဲတွေ ဖြေဆိုနေချိန် ဖြစ်ပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ နယူးယောက်မှာ အာဖဂန်နစ္စတန်အရေး တွေ့ဆုံနေချိန်မှာ ဒီကြေညာချက် ထွက်လာတာပါ။

ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်နိုင်တဲ့ တာလီဘန်အုပ်ချုပ်ရေးကို တရားဝင် အသိအမှတ်မပြုခင်မှာ အမျိုးသမီးပညာရေးမူဝါဒတွေကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်ကြောင်း အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံခြားအစိုးရတွေက ပြောပါတယ်။

အမေရိကန် ကုလသမဂ္ဂ လက်ထောက်သံအမတ်ကြီး ရောဘတ်ဝုဒ်က “နိုင်ငံတကာ အသိုက်အဝန်းကနေ တာလီဘန်တွေ ရှာဖွေနေတဲ့ တရားဝင်မှုနဲ့ ထောက်ခံမှုဟာ သူတို့ရဲ့ လုပ်ရပ်တွေကနေတဆင့် အာဖဂန်ပြည်သူတွေဆီကနေ သူတို့ရရှိတဲ့ တရားဝင်မှုကနေ စတင်ပါတယ်လို့ အမေရိကန်ပြည်ထောင်စုက ထပ်တလဲလဲ ပြောထားပြီးသားဖြစ်တယ်” လို့ ပြောပါတယ်။

ဗြိတိန်နိုင်ငံ သံအမတ်ကြီး ဘာဘရာ ဝုဒ်ဝါ့ဒ်ကလည်း တရားမျှတပြီး ဘက်မလိုက်တဲ့ တရားစီရင်ရေးစနစ်နဲ့ ပညာသင်ကြားခွင့်မရှိရင် ကိုယ့်ကိုယ်ကိုယ် အားကိုးပြီး သာယာဝပြောတဲ့ အာဖဂန်နစ္စတန် မရှိနိုင်ဘူးလို့ ပြောပါတယ်။

ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတက်ဖနီ ဒူဂျာရစ်က အင်္ဂါနေ့က လုပ်ဆောင်ချက်ဟာ တာလီဘန်တို့ရဲ့ နောက်ထပ် ကတိပျက်မှုတခုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

“အမျိုးသမီးတွေရဲ့ တက်ကြွစွာပါဝင်မှုနဲ့ အမျိုးသမီးတွေရဲ့ ပညာသင်ကြားမှုမပါဘဲ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့၊ စိန်ခေါ်မှုတွေအားလုံးကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာ စိတ်ကူးဖို့တောင် ခက်ပါတယ်” လို့ ဒူဂျာရစ်က နယူးယောက်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

2 months Ago
Up