အွန်လိုင်းအလွဲသုံးစားမှုများကို ဆိုရှယ်မီဒီယာကုမ္ပဏီများ ပိုကိုင်တွယ်ရမည်ဟု ဂန္တဝင်ဘောလုံးသမား အွန်နရီပြော

အွန်လိုင်းပေါ်က အလွဲသုံးစားလုပ်မှုတွေတွေကို ကိုင်တွယ်ရေး ဆိုရှယ်မီဒီယာလုပ်ငန်းရှင် ကုမ္ပဏီတွေ ပိုဆောင်ရွက်ရမယ်လို့ ပြင်သစ်ဘောလုံးသမားဟောင်း အာဆင်နယ်အသင်းရဲ့ ဂန္တဝင်တိုက်စစ်မှူး အွန်နရီက နိုဝင်ဘာ ၂ ရက်မှာ ပြောပါတယ်။
လူမှုကွန်ရက်လုပ်ငန်းကြီးတွေကိုလည်း သူက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး လူမျိုးရေး ခွဲခြားမှုနဲ့ အနိုင်ကျင့်မှု တိုက်ဖျက်ရေး အရေးယူဆောင်ရွက်တာ ကင်းမဲ့တာကို ဆန့်ကျင်တဲ့အနေနဲ့ ဒီနှစ်အစောပိုင်းကစပြီး လူမှုကွန်ရက် သုံးစွဲမှုကို သူက စွန့်လွှတ်ခဲ့တာပါ။
Facebook ၊ Instagram နဲ့ Twitter လူမှုကွန်ရက်တွေပေါ်မှာ ပရိသတ် ၁၅ သန်းလောက် ရှိတဲ့ အွန်နရီဟာ မတ်လက သူ့အကောင့်ကို ပိတ်ခဲ့ပါတယ်။
ဉာဏပစ္စည်း မူပိုင်ခွင့် ချိုးဖောက်မှုအတွက် အရေးယူရေး အားထုတ်သလောက် အလားတူ အားထုတ်မှုတွေနဲ့ အွန်လိုင်းပေါ်က အလွဲသုံးစားမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ လူမှုကွန်ရက် လုပ်ငန်းကြီးတွေကို သူက ဆော်ဩခဲ့ပါတယ်။
အာဆင်နယ်နဲ့ ဘာစီလိုနာအသင်းတွေမှာ ကစားခဲ့တဲ့ ဘောလုံးသမား အွန်နရီဟာ သူ့ ဘောလုံးသမား သက်တမ်းတလျှောက် လူမျိုးရေး အလွဲသုံးစားမှုတွေကို ခံခဲ့ရပြီး ခုတော့ လူမှုကွန်ရက် မီဒီယာတွေကို စွန့်ခွာခဲ့တာ ၆ လ ရှိပါပြီ။
အခြေအနေက အရင်အတိုင်း ဖြစ်လို့ သူဟာ တကိုယ်ရေ လူမှုကွန်ရက်အကောင့်တွေကို ဘယ်တော့မှ ပြန်မသုံးဘဲ နေကောင်းနေမယ်လို့လည်း ပြောပါတယ်။
“လူမှုကွန်ရက် မီဒီယာတွေဟာ ကျနော်တို့နေတဲ့ ကမ္ဘာကြီးထဲက လိုအပ်တဲ့ ကိရိယာတွေပါ။ ဒါပေမဲ့ ဘေးကင်းနိုင်ရဲ့လား။ ဒါဟာ ကိစ္စကြီးတရပ်ပါ” လို့ အွန်နရီက ပြောပါတယ်။
ခုတော့ သူဟာ အားကစားဝတ်စုံ ရောင်းချတဲ့ ကမ္ဘာကျော်ကုမ္ပဏီ ပူးမားနဲ့အတူ သုံးစွဲသူတွေဟာ မေတ္တာရပ်ခံတာကနေ ဆန္ဒပြကန့်ကွက်တာအထိ လုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်ခြင်းအားဖြင့် လူသားတွေကို ကောင်းကျိုးပြုဖို့ အားပေးတဲ့ ပလက်ဖောင်းတခု ဖြစ်စေရေး အပါအဝင် အွန်လိုင်း အလွဲသုံးစားမှုတွေကို ဖြေရှင်းရေးအတွက် နည်းလမ်းတွေကို ရှာရာမှာ လက်တွဲ ပါဝင်နေပါတယ်။