close

ဩစတြေးလျတွင် ၂ပတ်ကျော်ကြာ ပျောက်သွားသည့် ၄ နှစ်အရွယ် မိန်းကလေး ပြန်တွေ့

ဩစတြေးလျနိုင်ငံ၊ ကာနာဗွန်မြို့ တောင်ဘက် ၆၂ မိုင်အကွာက တဲစခန်းကနေ သီတင်းပတ် ၂ ပတ်ကျော်ကြာ ပျောက်သွားတဲ့ အသက် ၄ နှစ်အရွယ် မိန်းကလေးကို ပိတ်လှောင်ထားတဲ့ အိမ်တလုံးထဲမှာ အသက်ရှင်လျက် အကောင်းပကတိအတိုင်း ပြန်ရှာတွေ့ခဲ့တယ်လို့ အာဏာပိုင်တွေက နိုဝင်ဘာ ၃ ရက်မှာ ပြောပါတယ်။

ကာနာဗွန်မြို့က အိမ်တလုံးကို ရဲတွေက ဗုဒ္ဓဟူးနေ့မနက်ပိုင်းမှာ ဝင်ရောက် စီးနင်းခဲ့အပြီး ကလီယိုစမစ်ကို အခန်းတွေထဲက တခန်းမှာ တွေ့ခဲ့တာပါ။

အရာရှိတယောက်က မိန်းကလေးကို ပွေ့ချီပြီး မင်းနာမည် ဘယ်သူလဲလို့ မေးရာမှာ ကလီယိုလို့ ဖြေခဲ့တယ်လို့ အနောက်ဩစတြေးလျ ရဲတပ်ဖွဲ့ ဒုကော်မရှင်နာမင်းကြီး ကိုးလ် ဘလန့်ချ်က ဒေသခံ ရုပ်သံကို ပြောပါတယ်။

ကလေး ပျောက်မှုနဲ့ ပတ်သက်ပြီး အမျိုးသားတယောက်ကို ထိန်းသိမ်းထားပါတယ်။

ကလီယိုကို အောက်တိုဘာ ၁၆ ရက်က အနောက်ဩစတြေးလျပြည်နယ်ရဲ့ မြို့တော် ပါ့သ်မြို့ မြောက်ဘက် မိုင် ၅၆၀ အကွာ ဝေးလံသီခေါင်တဲ့ ဘလိုးဟိုးစ် ရှက်ခ်စ် တဲစခန်းမှာ ဒေသစံတော်ချိန် သန်းခေါင်ကျော် တနာရီခွဲ လောက်က မိသားစုရဲ့ တဲထဲမှာ နောက်ဆုံး တွေ့ခဲ့တာပါ။

မိန်းကလေး ပြန်ပေးဆွဲခံရတယ်လို့ ဩစတြေးလျရဲတွေက စိုးရိမ်ခဲ့လို့ သတင်းအချက်အလက် အတွက် ဩစတြေးလျ ဒေါ်လာ ၁ သန်း ဆုငွေ ထုတ်ခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up