၇ ခုမြောက် ကိုဗစ်-၁၉ ကာကွယ်ဆေး “ကိုဗာဆင်” ကို WHO အတည်ပြု

အိန္ဒိယဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း ဘာရတ်ဘိုင်အိုတက်ခ်က ပြည်တွင်းမှာ ထုတ်လုပ်တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ဆေးကို အရေးပေါ် သုံးဖို့ အတည်ပြု ပေးလိုက်ပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က နိုဝင်ဘာ ၃ ရက်မှာ ပြောပါတယ်။
ကိုဗာဆင်လို့ နာမည်ပေးထားတဲ့ ဒီကာကွယ်ဆေးဟာ WHO ရဲ့ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီပြီး ပိုဆင်းရဲတဲ့ နိုင်ငံတွေ အများအပြားအတွက် တရားဝင် ကာကွယ်ဆေးအဖြစ် လက်ခံဖို့ လမ်းခင်း ပေးလိုက်တာလည်း ဖြစ်ပါတယ်။
ဒီကာကွယ်ဆေး ထိုးဆေးကို တလုံးနဲ့ တလုံးကြား အချိန်လေးပတ်ခြားပြီး ထိုးနှံဖို့နဲ့ အသက် ၁၈ နှစ်နဲ့ အထက်အတွက် ထိုးပေးနိုင်တယ်လို့ WHO ရဲ့ ဗျူဟာမြောက် အကြံပေးပညာရှင်များ အုပ်စုက ထောက်ခံချက် ပေးထားပါတယ်။
နောက်ပိုင်းအဆင့် လက်တွေ့စမ်းသပ်ချက်တွေ ပြီးဆုံးတဲ့ နောက်မှာ ဒီကာကွယ်ဆေးထိုးဆေးဟာ ပြင်းထန်တဲ့ ကိုဗစ်-၁၉ မျိုးဗီဇကို ၇၈ ရာခိုင်နှုန်း ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တာ တွေ့ရပါတယ်။
WHO ရဲ့ ဆုံးဖြတ်ချက်ကြောင့် သန်းချီတဲ့ အိန္ဒိယပြည်သူတွေဟာ ကိုဗာဆင် ထိုးဆေး ထိုးနှံပြီး နိုင်ငံပြင်ပကို ခရီးထွက်နိုင်ရေး အကူအညီပေးနိုင်ဖို့ မျှော်လင့် ထားပါတယ်။
ဘားရတ် ဘိုင်အိုတက်ခ် လုပ်ငန်းထုတ် ကိုဗာဆင် ကာကွယ်ဆေးဟာ WHO က ထောက်ခံချက် ရတဲ့ ၇ ခုမြောက် ကာကွယ်ဆေးပါ။
ဖှိုက်ဇာ၊ မိုဒါနာ၊ အဲ့စ်ထရာဇေနေကာ၊ ကိုဗစ်ရှီး၊ ဂျွန်ဆင်အန်ဂျွန်ဆင်၊ စီနိုဗက်နဲ့ စီနိုဖန်း ထိုးဆေးတွေကိုလည်း WHO က ထောက်ခံချက် ပေးထားပါတယ်။