တီးတိန်မြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၂ ဦးသေဆုံး

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာ နိုဝင်ဘာ ၅ ရက် ဒီနေ့ CDF၊ Zoland-PDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားပြီးတော့ စစ်ကောင်စီဘက်က ၂ ယောက်သေဆုံးကာ တချို့ ဒဏ်ရာရသွားတယ်လို့ CDF(ကလေး၊ကဘော်၊ဂန့်ဂေါ)က ထုတ်ပြန်ပါတယ်။
တီးတိန်မြို့နယ် အာလွယ်ရွာနဲ့ ဆိုဇံရွာကြား ကနေဒီတောင်ခြေနားမှာ ဒီကနေ့ နေ့လယ် ၃ နာရီခွဲလောက်က CDF(KKG)ရဲ့တပ်ရင်း(၂) ၊ (CDM Siyin)နဲ့ Zoland-PDF တို့ညီနောင်မဟာမိတ်အဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။
ဒါအပြင် အဲဒီတိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ထံကနေ သေနတ် ၂ လက်ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲမှာ CDF-KKG နဲ့ Zoland-PDF ညီနောင်မဟာမိတ်တပ်ဖွဲ့ဘက်က တပ်ဖွဲ့ဝင်တစ်ယောက် ကျည်ဆံထိမှန်ဒဏ်ရာရရှိခဲ့ပြီးတော့ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။
မိဘပြည်သူတွေအနေနဲ့ စစ်အာဏာရှင်အမြစ်ပြတ်ခြေမှုန်းရေးအတွက် စစ်ရေးအခြေနေအရ ကလေး-ဂန်ဂေါလမ်းပိုင်းနဲ့ ကလေး-သိုင်းငင်းလမ်းပိုင်းတွေကို ည ၆ နာရီကနေ မနက် ၆ နာရီအတွင်းဖြတ်သန်းသွားလာတာတွေမပြုလုပ်ကြဖို့ သတိပေးထားပါတယ်။