ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဇိမ်းသဲကျေးရွာနားက ချင်းအမျိုးသားတပ်ဦး CNA တပ်စခန်းကို ဧပြီ ၂၁ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်က စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အသက် ၂၃ နှစ်ရှိ ရဲဘော် တယောက် ကျဆုံးပြီး တချို့ ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
နီးစပ်သူ တဦးက "လေယာဉ်နဲ့ဗုံးကြဲလို့ ရဲဘော် ဆလိုင်းကိုရင် ကျဆုံးခဲ့ပြီးတပ်ဖွဲ့ဝင် ၅ ယောက် ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ် "လို့ ဆိုပါတယ်။
အိန္ဒိယနယ်စပ်နဲ့ လေးမိုင်ကနေ မိုင်ဝက်လောက်သာဝေးတဲ့ ဇိမ်းသဲရွာကို ၁၁ နာရီ ၄၅ မိနစ်မှာ တကြိမ်ဗုံးကြဲပြီး ၁၂ နာရီမှာ ဒုတိယအကြိမ် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာလည်း ဧပြီ ၁၈ ရက်ညပိုင်း တိုက်ပွဲမဖြစ်ဘဲ ပြည်သူနေအိမ်တွေကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်၊ ဗုံးကြဲလေယာဥ်နဲ့ ၃ ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ CDF - Mindat ကနေ သိရပါတယ်။
ဧပြီ ၁၆ ရက် ညနေပိုင်းကလည်း မင်းတပ်မြို့ကို စစ်ကောင်စီက လေကြောင်းကနေအကြမ်းဖက် တိုက်ခိုက်ခဲ့လို့ ကလေးငယ်တယောက်၊ သက်ကြီးရွယ်အိုတယောက်နဲ့ မိန်းကလေးငယ်တယောက် သေဆုံးသွားပါတယ်။
ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ဟိုင်မွာလ်ကျေးရွာ(ရွာသစ်) မှာ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဆယ်ကျော်သက်အရွယ် မောင်နှမ ၂ ဦးအား ဩဂုတ် ၁၆ ရက်နေ့ မနက် ၁၁ နာရီလောက် ဟိုင်မွာလ်ကျေးရွာ (ရွာသစ်) နဲ့ ရိခေါ်ဒါရ်မြို့အကြားမှာ သေဆုံးလျက် ပြန်တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့အင်အား ၅၀ လောက်ဟာ ဟိုင်မွာလ်ကျေးရွာ (ရွာသစ်)ကို ဩဂုတ် ၁၄ ရက်နေ့ ညနေပိုင်းက စစ်ကြောင်းထိုးဝင်ရောက်ကာ လူနေအိမ် ၈ လုံးထက်မနည်း မီးရှို့ခဲ့ပြီး အသက် ၁၇ နှစ်အရွယ် Mai Lal Nun Puii နဲ့ ၁၅ နှစ်အရွယ် Salai Lal Ruat Mawia တို့ကို ဖမ်းဆီးသွားခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
“အဲဒီနေ့က စစ်ကောင်စီတပ်က ရွာကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေလည်း လုပ်တယ်၊ လူနေအိမ်တွေကိုပါ မီးရှို့သွားတာ။ သူတို့ မောင်နှမနှစ်ယောက်ကိုလည်း နေအိမ်ကနေ ရိုက်နှက်ပြီး ဖမ်းခေါ်သွားကြတယ်။ အဲ့ဒီနောက်မှာတော့ လမ်းမှာ သေနတ်နဲ့ပစ်သတ်သွားပြီး အလောင်းတွေပေါ် မြေဖို့ထားတာကို တွေ့ခဲ့ကြတာပါ။ အလောင်းဖျောက်တဲ့ ပုံစံမျိုးလုပ်သွားကြတာ။”
စစ်ကောင်စီတပ်ဖွဲ့ရဲ့ သတ်ဖြတ်မှုခံခဲ့ရတဲ့ မောင်နှမနှစ်ဦးရဲ့ ရုပ်အလောင်းကို ကျေးရွာ ပြန်လည်သယ်ဆောင်ကာ ခရစ်ယာန်ဘာသာနဲ့အညီ ညနေပိုင်းမှာ သင်္ဂြိုဟ်ခဲ့တယ်လို့ ဆိုပါတယ်။
ဟိုင်မွာလ်ကျေးရွာ (ရွာသစ်) ဟာ အိန္ဒိယ - မြန်မာနယ်စပ် ကုန်သွယ်ရေးစခန်းရှိရာ ရိခေါ်ဒါရ်မြို့နဲ့ ၅ မိုင်အကွာမှာတည်ရှိပြီး ဩဂုတ် ၁၀ ရက်နေ့က တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ မျက်နှာချင်းဆိုင်တောင်ကုန်းပေါ်မှာ တည်ရှိတဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်း ၁ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၂၀၁ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၅,၁၂၇ ယောက်ထိရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။