close

ရန်ကုန်မြို့ရှိ ဘားဆိုင်နှင့်ကလပ်အချို့ကို စစ်ကောင်စီက ယာယီပိတ်ခိုင်း

ရန်ကုန်မြို့မှာရှိတဲ့ ဘားဆိုင်နဲ့ ကလပ်တချို့ကို  နိုဝင်ဘာ ၆ ရက်ကစပြီး စစ်ကောင်စီက ယာယီပိတ်ခိုင်းထား တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီဘက်က တာဝန်ရှိသူ တချို့က ခေတ္တပိတ်ထားဖို့ ညွှန်ကြားလာတာဖြစ်တယ်လို့ ဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။ 

“ဘာလို့ ပိတ်ခိုင်းတယ်ဆိုတာတော့ မသိဘူး၊ ခေတ္တပိတ်ထားဖို့ပဲ ပြောလာတာ။ ဘယ်အချိန် ပြန်ဖွင့်ရ မလဲတော့ မသိသေးဘူး” လို့ ဘားဆိုင်ပိုင်ရှင် တစ်ဦးက ပြောပါတယ်။ 

ရန်ကုန်မြို့ရှိ ဘားဆိုင်၊ ဘီယာဆိုင်နဲ့ ကလပ်တွေကို ယာယီပိတ်ခိုင်းထားပေမဲ့ စားသောက်ဆိုင်တွေ ကိုတော့ ပိတ်ခိုင်းထားတာ မရှိဘူးလို့ သိရပါတယ်။ 

“ကိုဗစ်တုန်းကတောင် ဖွင့်နေကြတာပဲ။ အခုတော့ ဘာလို့ ပိတ်ခိုင်းလဲ မသိပါဘူး။ သူတို့ ပိတ်ဆို တော့လည်း ပိတ်ထားရတာပေါ့” လို့ ဘားဆိုင်ပိုင်ရှင် တစ်ဦးက ပြောပါတယ်။ 

ရန်ကုန်က ဘားဆိုင်တချို့ကတော့ လူမှုကွန်ရက်စာမျက်နှာကနေ နိုဝင်ဘာ ၇ ရက်က စပြီး ခေတ္တ ပိတ်ထားမယ်လို့ ကြေညာထားကြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်က မရမ်းကုန်းမြို့နယ်၊  ကန်ရိပ်သာလမ်းမှာရှိတဲ့ Brave Bar ကို စစ်တပ်က  ဝင်ရောက်စစ်ဆေးပြီး အမျိုးသားနဲ့ အမျိုးသမီး ၂၅၀ လောက်ကို မရမ်းကုန်းရဲစခန်းမှာ ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရသူတွေထဲမှာ လူကြီးသားသမီးတွေ ပါနေလို့  ခံဝန်ဖြင့်ပြန်လွှတ်ပေးခဲ့ရ တယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up