ရွှေ့ပြောင်းနေထိုင်သူထောင်ပေါင်းများစွာရောက်လာနေသည့် နယ်စပ်သို့ ပိုလန်သမ္မတသွားရောက်

ပိုလန်နိုင်ငံ အရှေ့ဘက်နယ်စပ်မှာ ရွှေ့ပြောင်းနေထိုင်သူ ထောင်ပေါင်းများစွာ သောင်တင်နေတဲ့ ကိစ္စအပေါ် တင်းမာမှုတွေ ရှိနေတဲ့ကြားမှာပဲ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပွဲကို ကျင်းပခဲ့တဲ့ ပိုလန်သမ္မတ အန်ဒရေဒူဒါဟာ နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းက ပိုလန်-ဘီလာရုစ် နယ်စပ်အနီးမှာ တပ်စွဲထားတဲ့ တပ်တွေကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။
ရွှေ့ပြောင်းနေထိုင်သူတွေဟာ ပိုလန်နိုင်ငံကို ဖြတ်ကျော်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး နိုဝင်ဘာ ၈ ရက် ကတည်းက ယာယီစခန်းတွေမှာ အေးခဲနေတဲ့ရာသီဥတုကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ရပါတယ်။
ရွှေ့ပြောင်းအခြေချအုပ်စုဟာ နယ်စပ်ခြံစည်းရိုးကို ချိုးဖျက်ပြီး နိုင်ငံအတွင်း ဖြတ်ကျော် ဝင်ရောက်ဖို့ ကြိုးပမ်းနေတာကြောင့် ပိုလန်အစိုးရက စစ်သားတွေ၊ နယ်ခြားစောင့်ရဲတွေ၊ ရဲအရာရှိတွေနဲ့ နယ်ခြားလှည့်ကင်းတွေကို ထပ်အားဖြည့်ထားပါတယ်။
လနဲ့ချီ ကြာနေတဲ့ အကျပ်အတည်းအတွင်း ရွှေ့ပြောင်းအခြေချသူ ၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပိုလန်နိုင်ငံက အစီရင်ခံခဲ့ပြီး တချို့ရွှေ့ပြောင်းနေထိုင်သူတွေကလည်း သူတို့ သေဆုံးရမှာကို ကြောက်ရွံ့စိုးရိမ်မိကြောင်း ပြောဆိုကြပါတယ်။
ဥရောပသမဂ္ဂက ဘီလာရုစ်ဟာ မင့်စ်ခ် အစိုးရအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုအပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ သူ့ရဲ့ပိုင်နက်ထဲကို ရွှေ့ပြောင်းနေထိုင်သူတွေလာဖို့ အားပေးထားပြီး အဲဒီနောက် ထောင်ပေါင်းများစွာသော ရွှေ့ပြောင်းနေသူတွေကို ပိုလန်နဲ့ တခြားအိမ်နီးချင်း အီးယူ နိုင်ငံတွေဆီ ဖြတ်ကျော်ဝင်ရောက်ဖို့ တွန်းအားပေးခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
ဘီလာရုစ်နဲ့ သူ့ရဲ့မဟာမိတ်ရုရှားတို့က ဥရောပကို အပြစ်တင်ခဲ့ပါတယ်။ အီးယူဟာ သူ့ရဲ့ကိုယ်ပိုင် လူသားချင်းစာနာမှု စံနှုန်းတွေနဲ့ညီဖို့ ပျက်ကွက်ပြီး နယ်စပ်မျဉ်းတစိတ်တပိုင်းကို ပိတ်ချဖို့ အစီအစဉ်တွေနဲ့အတူ ဘဲလာရုစ်ကို လည်ပင်းညှစ်ဖို့ ကြိုးစားနေတယ်လို့ ကရင်မလင်က စွပ်စွဲထားပါတယ်။