close

လေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်ဖြစ်နိုင်

ကပ္ပလီပင်လယ်ပြင်အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း(Low Pressure Area)ဟာ မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ မိုးဇလဌာနက  နိုဝင်ဘာ ၁၅ ရက် ဒီကနေ့မနက် ခန့်မှန်းထုတ်ပြန်လိုက်ပါတယ်။

လေဖိအားနည်းရပ်ဝန်းဟာ အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ပိုမိုအားကောင်းလာနိုင်ကာ နိုဝင်ဘာ ၁၇ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတို့မှာ မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားတာပါ။

မြန်မာ့ပင်လယ်ပြင်၊ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံ မိုးသက်လေပြင်းကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်တယ်လို့ ခန့်မှန်းပါတယ်။

မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး ကျန်မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိမယ်၊ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လှိုင်းအမြင့်  ၇ ပေမှ ၉ ပေ ခန့်ရှိနိုင်ပြီး   ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၄ ပေမှ ၇ ပေ လောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကာ  ရွာရန်ရာနှုန်း ၈၀ ရှိတယ်လို့ မိုးဇလက ခန့်မှန်းထုတ်ပြန်ထားပါတယ်။

PHOTO CREDIT- မိုးဇလ

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up