ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ် (Depression)ဟာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိလို့ အဝါရောင်အဆင့် သတ်မှတ်ထားတယ်လို့ မိုးဇလဌာနက သတင်းထုတ်ပြန်ပါတယ်။
ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့အနောက်တောင်ဘက် ရေမိုင် ၅၂၀ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းအနောက်တောင်ဘက် ရေမိုင် ၆၃၀ မိုင်ခန့်၊ သီရိလင်္ကာနိုင်ငံ၊ ဂျက်ဖ်နာမြို့ အရှေ့ဘက် ရေမိုင် ၃၂၀ မိုင်ခန့်နဲ့ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့အရှေ့တောင်ဘက်ရေမိုင် ၃၃၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ မိုးဇလက ခန့်မှန်းပါတယ်။
မုန်တိုင်းငယ်ရဲ့ ဗဟိုချက် လေဖိအား ၁၀၀၅ ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၃၀ နှုန်းဖြစ်ကာ နောက် ၄၈ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူး မြောက်ပိုင်း - ပူဒူချယ်ရီနဲ့ အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေအနီးသို့ ရောက်ရှိ နိုင်တယ်လို့ ခန့်မှန်းပါတယ်။
မုန်တိုင်းအရှိန်ကြောင့် နိုဝင်ဘာ ၂၁ ရက်မှာ တနင်္သာရီတိုင်းနဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း)တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့ဆိုတယ်။
မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ ၇ ပေမှ ၉ ပေခန့်ရှိနိုင်ပါတယ်။
မုန်တိုင်းငယ်(Depression) အရှိန်ကြောင့် မိုးရွာသွန်း၊ လေပြင်းတိုက်ခတ်၊ မိုးထစ်ချုန်းနိုင်လို့ ကြိုတင်သတိပြု နေထိုင်ကြဖို့နဲ့ ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်၊ သင်္ဘောတွေ ကြိုတင်သတိပြုဖို့လည်း မိုးဇလဌာနက အသိပေးနှိုးဆော်ထားပါတယ်။
Photo-DMH
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာနိုင်ကာ နောက် ၁၂ နာရီအတွင်း မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ မိုးဇလဌာနက ဩဂုတ် ၁၄ ရက် ဒီနေ့ မနက်ထုတ်ပြန်ပါတယ်။
ဒီနေ့ မြန်မာစံတော်ချိန် မနက် ၅ နာရီခွဲအချိန်တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းလွန်နဲ့ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေမှာ ဖြစ်ပေါ်တဲ့ အားကောင်းသော လေဖိအားနည်းရပ်ဝန်းဟာ အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ပိုမိုအားကောင်းလာနိုင်ကာ၊ နောက် ၁၂ နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားတာပါ။
အားကောင်းသော လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့် ဒီမနက်မှ မနက်ဖန်အထိ နေပြည်တော်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက် မိုးကြီးနိုင်တယ်လို့ ခန့်မှန်းပါတယ်။
မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းကြီးနိုင်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၉ ပေမှ ၁၃ ပေခန့် ရှိနိုင်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် မိုးသည်းထန်စွာရွာသွန်တာနဲ့အတူ လေပြင်းတိုက်ခတ်၊ လျှပ်တစ်ပြက်ရေကြီး မြေပြိုခြင်းစတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်လို့ ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူတွေ မြေပြိုမှုအန္တရာယ်နဲ့ မြစ်ချောင်းအနီးနေထိုင်ကြသူတွေ ရေကြီး၊ ရေလျှံမှုကို ကြိုတင်သတိပြုဖို့ အကြံပြုထားပါတယ်။
ဒါ့အပြင် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်၊ သင်္ဘောတွေ ကြိုတင်သတိပြုကြဖို့လည်း မိုးဇလဌာနက အသိပေး နှိုးဆော်ထားပါတယ်။