အကြမ်းဖက်ဂိုဏ်းများကို လူသတ်သမားများလို သဘောထားဆက်ဆံမည်ဟု ဟေတီဝန်ကြီးချုပ် ပြော

ဟေတီနိုင်ငံက အကြမ်းဖက်ဂိုဏ်းတွေအပေါ် တင်းတင်းမာမာ ရပ်တည်မယ့် လူသတ်သမားတွေလို သဘောထား ဆက်ဆံမယ်လို့ ဟေတီ ဝန်ကြီးချုပ် အီရီရယ်ဟင်နရီက နိုဝင်ဘာ ၁၆ ရက်မှာ ကတိပြုလိုက်ပါတယ်။
ဟေတီမှာ သီတင်းပတ်ချီပြီး လောင်စာဆီ ပြတ်လပ်ခဲ့အပြီးမှာ ဓာတ်ဆီ ဖြန့်ဖြူးဖို့ ခွင့်ပြုနိုင်ရေး လောင်စာသိုလှောင်ကန်တွေကို ပိတ်ဆို့ထားတာကို ယာယီပြန်ဖွင့်ပေးမယ်လို့ ဟေတီဂိုဏ်း အုပ်စုတစုက ကြေညာခဲ့ပြီးနောက် ဝန်ကြီးချုပ်က ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ်ရာထူးက နုတ်ထွက်ပေးဖို့ ဖိအားပေးချင်တယ်လို့ ဂိုဏ်းခေါင်းဆောင် ဂျင်မီ ဘာဘီကျူး ချေရစ်ဇီယာက အရင်လမှာ ပြောပါတယ်။
ဝန်ကြီးချုပ်ကတော့ အစိုးရဟာ ရာဇဝတ်သားတွေနဲ့ ညှိနှိုင်းမှာ မဟုတ်ဘူးလို့ တုံ့ပြန် ပြောဆိုပါတယ်။
လောင်စာပြတ်လပ်မှုနဲ့ ပတ်သက်တဲ့ လုံခြုံရေးပြဿနာတွေကြောင့် ကနေဒါသံရုံးက မရှိမဖြစ်မဟုတ်တဲ့သူတွေကို ပြန်ခေါ်နေတယ်လို့ ကနေဒါအစိုးရက အရင်အပတ်မှာ ပြောပါတယ်။
အမေရိကန်ကတော့ သူ့နိုင်ငံသားတွေ ဟေတီနိုင်ငံထဲကနေ ထွက်ခွာကြဖို့ ဒီသီတင်းပတ်ထဲမှာ ပြောဆိုထားပါတယ်။
လောင်စာတင်ယာဉ်တွေ ဘေးကင်းတာ သေချာစေရေး အစိုးရက ရဲအစောင့်အရှောက်တွေ စီစဉ်ပေးခဲ့ပြီးပြီလို့ ဝန်ကြီးချုပ်က အရင်လက ပြောပါတယ်။