close

စစ်အာဏာသိမ်းပြီးနောက် မြန်မာပြည်တွင်း စာအုပ်စာပေထုတ်ဝေရေးလုပ်ငန်းများ ရပ်ဆိုင်းလု ဖြစ်နေ

စစ်တပ်က တရားမဝင် အာဏာသိမ်းလိုက်ပြီး နောက်ပိုင်း မြန်မာပြည်တွင်းမှာ စာအုပ်ထုတ်ဝေရေးနဲ့ စာအုပ်ရောင်းချတဲ့ လုပ်ငန်းတွေဟာ  အလုပ်မဖြစ်သလောက် အရောင်းထိုင်းနေပြီး  တချို့ ရပ်ဆိုင်းလုအခြေအနေဆိုက်ရောက်နေတယ်လို့ စာအုပ်စာပေဈေးကွက်ကနေ  စုံစမ်းသိရပါတယ်။

“ကိုဗစ်ကာလထက် အခုက အရောင်းပိုအေးတယ်။ တလောက စက္ကူဈေးတွေလည်း တက်တော့ စာအုပ်ဈေးတွေတက်ပြီး အရောင်းပိုအေးသွားတာ။ တချို့တိုက်တွေက နည်းနည်းပဲ တက်ပေမဲ့ တချို့တိုက်တွေက တော်တော်ကိုတက်သွားတာ” လို့  ရန်ကုန်ရှိ စာအုပ်အရောင်းတိုက်တခုက ပြောပါတယ်။

စာအုပ်သစ်တချို့ ထုတ်ဝေတာရှိပေမဲ့ အရင်ကထက် ထက်ဝက်ကျော်လောက် လျော့နည်းသွားတယ်လို့  စာအုပ်တိုက်တွေဆီက သိရပါတယ်။

“စာအုပ်အသစ်တွေကတော့လည်း နာမည်ရှိပြီးသား စာရေးဆရာနဲ့ ရောင်းရနိုင်တဲ့ စာအုပ်လောက်ပဲ ထုတ်နိုင်တော့တယ်။ အရင်က တလကို ၃၊ ၄ အုပ်လောက် ပုံမှန်ထုတ်တာ။ အခုက တလကို ၁ အုပ်၊ ၂ အုပ်လောက်ပဲ ထုတ်နိုင်တယ်” လို့ စာအုပ်တိုက်ကြီး တခုက ပြောပါတယ်။

နာမည်ရှိပြီး စာအုပ်အများကြီး ထုတ်ထားတဲ့ စာအုပ်တိုက်တွေလောက်ပဲ အခုလို ထုတ်နိုင်တာဖြစ်ပြီး စာအုပ်တိုက်လေးတွေကတော့ ဒီကာလမှာ မထုတ်နိုင်သလောက် ရပ်ဆိုင်းသွား တာပါ။

ရန်ကုန်မြို့က စာအုပ်အဟောင်းရောင်းချသူ တယောက်ကလည်း “မရောင်းရသလောက်ပါပဲ။ လမ်းသွားလမ်းလာလည်း သိပ်မရှိဘူးလေ။ ဒါပဲ လုပ်စရာရှိလို့ လုပ်နေတာ။ အရင်ကဆို နယ်တွေကိုလည်း ဆင်းရောင်းလို့ရတယ်။ အခု ကိုဗစ်ကာလက စပြီး ပိုပို ကျပ်တည်းလာတာ” လို့ ပြောပါတယ်။

စာအုပ်ဟောင်းရောင်းချသူတွေအနေနဲ့ အွန်လိုင်းကနေ ရောင်းချတာကို ပိုပြီး အားစိုက်လာကြသလို စာအုပ်တိုက်တွေကလည်း အွန်လိုင်းပေါ်က ကြော်ငြာရောင်းချတာမျိုးကို အခု ပိုလုပ်လာပြီး နယ်အရောင်းကတော့ နည်းနည်းရှိတယ်လို့ ဆိုပါတယ်။

“အရောင်းဆိုင်တွေကလည်း အမှာသိပ်မတော့ဘူး။ အရင်ကဆို တပတ်ကို စာအုပ် ၃၊ ၄ မျိုးကို အုပ် ၂၀၊ ၃၀ လောက်မှာတတ်တာ။ စာအုပ်ဆိုင်တွေမှာ အရင်လောက် အရောင်းမသွက်ဘူး။ အဓိက နယ်တွေကို အွန်လိုင်းစနစ်၊ စာတိုက်စနစ်နဲ့ အမှာတွေပို့ရတယ်” လို့ စာအုပ်တိုက် တခုက ပြောပါတယ်။

စာအုပ်ထပ်မထုတ်နိုင်တော့တဲ့ စာအုပ်တိုက်တွေအနေနဲ့ လုံးဝ ပိတ်လိုက်ရတာမျိုးမဟုတ်ဘဲ ထုတ်ပြီးသားစာအုပ်တွေဈေးနည်းနည်းတင် ရောင်းချပြီး ကျားကန်နေရတယ်လို့လည်း ဆိုပါတယ်။

အရင် အန်အယ်လ်ဒီ အစိုးရလက်ထက်က  ရန်ကုန်မြို့ သိမ်ဖြူလမ်းမှာ စာအုပ်လမ်း (Yangon Book Street) ဖွင့်လှစ် ရောင်းချခဲ့သလို နိုင်ငံတဝန်းမြို့ကြီးတွေမှာလည်း စာအုပ်အရောင်းပွဲတော်တွေ လှည့်လည် ကျင်းပခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up