အိုကလာဟိုးမား၌ သေဒဏ်ချခံရသူကို နာရီပိုင်းအလိုတွင် ပြစ်ဒဏ်ချရန် ရွှေ့ဆိုင်း

အိုကလာဟိုးမားပြည်နယ်အုပ်ချုပ်ရေးမှူး ကယ်ဗင်စတစ်ဟာ သေဒဏ်ချထားတဲ့ နာမည်ကျော် ကြိုးတိုက်အကျဉ်းသား ဂျူးလိယက်စ်ဂျုံးစ်ကို ကွပ်မျက်ဖို့ နာရီပိုင်းအလိုမှာ အသက် ၂၂ နှစ်အရွယ်ကို လူသတ်မှုအတွက် သူ့ရဲ့ပြစ်မှုဟာ သံသယရှိစရာတွေ များလာတာကြောင့် နိုဝင်ဘာ ၁၈ ရက်က သေဒဏ်ကို ရပ်ဆိုင်းလိုက်ပါတယ်။
ဂျုံးစ်ရဲ့ပြစ်ဒဏ်ကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းကို လျှော့ချသင့်တယ်ဆိုတဲ့ နိုဝင်ဘာ ၁ ရက်က အိုကလာဟိုးမား ပြစ်ဒဏ်ကင်းလွတ်ခြင်းနဲ့ လွတ်ငြိမ်းချမ်းသာခွင့် ဘုတ်အဖွဲ့ရဲ့ထောက်ခံချက်အရ အုပ်ချုပ်ရေးမှူးက ၁၁ နာရီကြာ ရွှေ့ဆိုင်းလိုက်တာပါ။
ဂျုံးစ်ကို ၃ မျိုးစပ် သေဆေးအရည် မထိုးပေးခင် ၄ နာရီလောက်အလိုမှာ သူ့ရဲ့ရှေ့နေတွေက သီးခြားနောက်ဆုံး မိနစ်အယူခံမှာ လူမဆန်မှုအဖြစ် စိန်ခေါ်ခဲ့ပြီးတော့ ဒီလိုဥပဒေကူးပြောင်း စီရင်ခွင့်လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။
အသက် ၄၁ နှစ်အရွယ် ဂျုံးစ်ဟာ ၁၉၉၉ ခုနှစ်က အာမခံအမှုဆောင်အရာရှိ ပေါလ်ဟောင်းဝဲလ်ကို ကားမောင်းနေချိန်မှာ ကားကိုလုယက်ပြီး သေနတ်နဲ့ပစ်သတ်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာပါ။
ဒါပေမဲ့ လူသတ်မှုဖြစ်ပွားချိန်က သူ့မိသားစုနဲ့အတူ အိမ်မှာရှိတယ်ဆိုတဲ့ အထောက်အထားတွေ ကို သူ့ရဲ့ရှေ့နေတွေက ကိုးကားထားပါတယ်။
အဲဒီအချိန်က သူ့ရှေ့နေတွေဟာ အဲဒါကို အပြည့်အ၀ စုံစမ်းစစ်ဆေးဖို့ ပျက်ကွက်တာကို ဂျူရီလူကြီး တွေက လေ့လာသုံးသပ်မှု မလုပ်ခဲ့ဘူးလို့ လက်ရှိ ဂျုံးစ်ရဲ့ရှေ့နေတွေက ဆိုပါတယ်။
နာမည်ကျော် ကင်မ်ခါဒါရှန်ဝက်စ်နဲ့ သေဒဏ်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတွေအပါအဝင် ထင်ပေါ်ကျော်ကြားသူတွေရဲ့စိတ်ဝင်စားမှုကို ပျံ့နှံ့စေခဲ့တဲ့ ဒီအမှုဟာ ပြီးခဲ့တဲ့ ၂ ရက်အတွင်း ပြည်နယ်တဝန်း ဆန္ဒပြမှုတွေနဲ့ လှုပ်ရှားနိုးကြားမှုတွေ အများအပြား ဖြစ်ပွား ခဲ့ပါတယ်။
အုပ်ချုပ်ရေးမှူးရဲ့ ဆုံးဖြတ်ချက်ကိုသိရှိပြီးနောက်မှာ ဂျုံးစ်ကိုသတ်ပစ်ဖို့ စီစဉ်ထားတဲ့ မက်အလန်စတာရှိ ပြည်နယ်အချုပ်ခန်းရဲ့ အပြင်ဘက်က လူအုပ်ကြီးဟာ ဝမ်းသာအားရဖြစ်ခဲ့ကြပြီး ထောက်ခံသူတွေဟာ ဂျုံစ်ရဲ့အမည်ကိုကြွေးကြော်ပြီး ပွေ့ဖက်ကာ မျက်ရည်များကို သုတ်ခဲ့ကြပါတယ်။
ဂျုံးစ်ဟာ လူသတ်မှုမှာ အပြစ်ရှိကြောင်း ယုံကြည်ခဲ့တဲ့ ဟောင်းဝဲလ်ရဲ့မိသားစုဟာ ပိုပြီး ဒေါသတကြီး တုံ့ပြန်ခဲ့ကြပေမယ့် အုပ်ချုပ်ရေးမှူးရဲ့ဆုံးဖြတ်ချက်ကို လက်ခံခဲ့ပါတယ်။
အုပ်ချုပ်ရေးမှူးဟာ ဂျုံးစ်ကို လွတ်ငြိမ်းခွင့်ပေးဖို့ ဘုတ်အဖွဲ့ရဲ့အကြံပြုချက်ကို မလိုက်နာလို့ စိတ်မကောင်းဖြစ်မိပေမယ့် စတစ်က သူ့ကွပ်မျက်မှုကို လျှော့ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ဂျုံးစ်ရဲ့ဆွေမျိုးတွေက ပြောပါတယ်။
ဂျုံးစ်ဟာ အောက်တိုဘာ ၂၇ ရက်မှာ အယူခံတရားစီရင်ပိုင်ခွင့်ရှိတဲ့ ဗဟိုတရားရုံးရဲ့ တရားသူကြီး သုံးဦးတို့က သေဒဏ်ချမှတ်လိုက်တဲ့ အကျဉ်းသား ၅ ယောက်ထဲက တယောက်ဖြစ်ပါတယ်။