close

ပါကစ္စတန်နိုင်ငံ လာဟိုးမြို့ လေထုတ်ညစ်ညမ်းဆုံးမြို့ ဖြစ်လာ

အိန္ဒိယနိုင်ငံနဲ့နယ်နိမိတ်ချင်း နီးကပ်နေတဲ့ ပါကစ္စတန်နိုင်ငံ လာဟိုးမြို့မှာ လေထုအရည်အသွေး စောင့်ကြည့်မှုအရ ကမ္ဘာပေါ်မှာ လေထုညစ်ညမ်းမှု အရှိဆုံးမြို့အဖြစ် သတ်မှတ်ခံရပြီး နိုဝင်ဘာ ၁၉ ရက်မှာ လေထုညစ်ညမ်းမှု ဆက်လက် ဖြစ်ပေါ်နေပါတယ်။

လူဦးရေ ၁၁ သန်းရှိတဲ့ ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်ရဲ့မြို့တော် လာဟိုးမှာ ကမ္ဘာ့လေထု ညစ်ညမ်းမှု အဆိုးရွားဆုံးမြို့တွေထဲမှာ တသမတ်တည်း ပါဝင်နေတာပါ။ 

ကောက်ပဲသီးနှံ စွန့်ပစ်ပစ္စည်းများကို မီးရှို့တာဟာ လာဟိုးနဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ မီးခိုးမြူတွေ ဖြစ်စေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဂျုံသီးနှံတွေ ရိတ်ပြီးတာကြောင့် လယ်သမားတွေက လယ်တွေမှာ အမှိုက်တွေကို မီးရှို့တာဟာ ပါကစ္စတန်မှာတင်မဟုတ်ဘဲ အိမ်နီးချင်းနိုင်ငံတွေမှာလည်း ပြုလုပ်နေကြတာပါ။

“ဒီက မီးခိုးတွေက အိမ်နီးချင်းနိုင်ငံ အိန္ဒိယကို ရောက်သွားပြီး သူတို့ရဲ့ မီးခိုးတွေက ဒီကို ရောက်နေတယ်” လို့ လာဟိုးမြို့ပြင်မှာ ကောက်ပဲသီးနှံ စွန့်ပစ်ပစ္စည်းတွေကို မီးရှို့နေတဲ့ ဒေသခံ Abid Nawaz က ပြောပါတယ်။ 

အမှိုက်တွေနဲ့ သစ်ပင်ခုတ်လှဲခြင်းတွေလို တခြားအကြောင်းအချက်တွေကလည်း လေထု ညစ်ညမ်းမှုကို ဖြစ်စေတယ်လို့ ဆိုပါတယ်။ 

နိုဝင်ဘာလဟာ အများအားဖြင့် လေထုတွင်းမှ အမှုန်အမွှားပါဝင်မှု များလာတာကြောင့် လေထု ညစ်ညမ်းမှု ပိုမိုဆိုးရွားလာပြီး လယ်သမားတွေဟာ မျိုးစေ့ချရာသီမတိုင်ခင် သီးနှံအမှိုက်တွေကို မီးရှို့ခြင်းကြောင့်ဖြစ်ပါတယ်။ 

လာဟိုးမြို့ကနေ ၄၂၅ ကီလိုမီတာာဝေးတဲ့ နယူးဒေလီမှာ လေထုညစ်ညမ်းမှု အန္တရာယ်ရှိနေဆဲဖြစ်လို့ ကလေးငယ်တွေဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေနဲ့ ဆေးရုံတက်နေရတယ်လို့ ဆရာဝန်တွေက နိုဝင်ဘာ ၁၇ ရက်မှာ သတိပေးထားပါတယ်။ 

အိန္ဒိယဝန်ကြီးချုပ် Narendra Modi ဦးဆောင်တဲ့ ဖက်ဒရယ်အစိုးရဟာ နယူးဒေလီ မြို့တစ်ဝိုက်ရှိ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ၅ ရုံကို ပိတ်ပစ်ခဲ့ပြီး မရှိမဖြစ် ကုန်ပစ္စည်းများ တင်ဆောင်တဲ့ ထရပ်ကားတွေကို တားမြစ်ခဲ့ပြီးတော့ မြို့တော်နဲ့ အနီးတဝိုက်မြို့တွေကိုပါ ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်တန့်ခဲ့ပါတယ်။ 

ပါကစ္စတန်ရှိ အာဏာပိုင်တွေဟာ လုပ်ဆောင်ဖို့နှေးကွေးပေမယ့်လည်း လေထုညစ်ညမ်းမှုကြောင့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အန္တရာယ် သတိပေးချက် လူသိရှင်ကြား ဗွီဒီယိုမက်ဆေ့ချ်ကို စိုက်ပျိုးရေးလုပ်ငန်းအဖွဲ့ရဲ့ ပူးတွဲအတွင်းရေးမှူး Rana Ali Arshad က နိုဝင်ဘာ ၁၉ က ထုတ်ပြန်ခဲ့ပြီး ဒီပြဿနာကို အမျိုးသားရေးအရ တုံ့ပြန်ဖို့ တောင်းဆိုကြောင်းလည်း ပြောသွားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up