စိုက်ပျိုးရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အိန္ဒိယဝန်ကြီးချုပ် လိုက်လျောခဲ့သဖြင့် လယ်သမားများ အောင်ပွဲခံ

အိန္ဒိယနိုင်ငံမှာ စိုက်ပျိုးရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို ပြန်ရုပ်သိမ်းဖို့ တောင်းဆိုချက်တွေကို ဝန်ကြီးချုပ် နရင်ဒြာမိုဒီက အလျှော့ပေး လိုက်လျောခဲ့ပြီးတဲ့နောက် အောင်ပွဲခံတဲ့အနေနဲ့ လယ်သမားတွေဟာ တနင်္လာနေ့က အကြီးအကျယ် ချီတက်ခဲ့ကြပါတယ်။
ဆန်နဲ့ဂျုံသာမက ထုတ်ကုန်အားလုံးအတွက် အနိမ့်ဆုံး ပံ့ပိုးမှုစျေးနှုန်းတွေ တိုးပေးဖို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။
လယ်သမားတွေ တနှစ်ကျော်ကြာ ဆန္ဒပြခဲ့တာဟာ ဟိန္ဒူအမျိုးသားရေး ဝါဒီ အစိုးရအတွက် အပြင်းထန်ဆုံး နိုင်ငံရေး စိန်ခေါ်မှု ဖြစ်ခဲ့တာပါ။
ပြုပြင်ပြောင်းလဲရေးကို ပြန်ရုပ်သိမ်းဖို့ နိုဝင်ဘာ ၁၉ ရက်မှာ မိုဒီက ကတိပြုခဲ့ရပါတယ်။ အိန္ဒိယရဲ့ လူအထူထပ်ဆုံးပြည်နယ် ဥတ္တာပရာဒေ့ရှ် ပြည်နယ်ရဲ့ မြို့တော် လက်ခ်နောင်းမှာ လူထောင်ချီ စုရုံးခဲ့ကြပါတယ်။
ဒီပြည်နယ်ဟာ မိုဒီရဲ့ ဘရာတီယာ ဂျာနာတာ ပါတီက လာမယ့်နှစ် အစောပိုင်း ပြည်နယ် ရွေးကောက်ပွဲတွေမှာ ဩဇာဆက်ရရေး ကြိုးစားမယ့် ပြည်နယ်လည်း ဖြစ်ပါတယ်။