close

စစ်အာဏာရှင်ဆန့်ကျင် အမျိုးသားနေ့လူထုလှုပ်ရှားမှုတွင် အားလုံးပါဝင်ရန် တိုက်တွန်း

လာမယ့် နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၄ ရက်အထိ နိုင်ငံတဝန်းပြုလုပ်ကြမယ့် စစ်အာဏာရှင်ဆန့်ကျင် အမျိုးသားနေ့လူထုလှုပ်ရှားမှုမှာ ပြည်သူအားလုံးပါဝင်ကြဖို့ အန်အယ်လ်ဒီ လွှတ်တော်အမတ် ဦးနေဘုန်းလတ်က တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

“ရန်ကုန်နေ မိတ်ဆွေများနှင့်ပြည်သူများသို့… ပါရမီလိုင်းကားပေါ်မတက်လို့၊ မစီးလို့ ခင်ဗျားတို့ကို ဖမ်းလို့မရ။  Mytel ဆင်းကတ်မသုံး၊ mytel နဲ့ဖုန်းခေါ်လာရင် မကိုင်လို့ ခင်ဗျား တို့ကို ဖမ်းလို့မရ။ မြန်မာဘီယာဆိုင်းဘုတ်ထောင်ထားတဲ့ဆိုင် ဘာပစ္စည်းမှ မဝယ်လို့ ခင်ဗျားတို့ကို ဖမ်းလို့မရ။ ပါရမီကို စစ်တပ် ဦးပိုင်ကပိုင်တယ်။ Omni Focus ကို ဦးနေဝင်း​မြေး​တွေပိုင်တယ်။ PDF တွေဖမ်းခံနေရ၊ သတ်ဖြတ်ခံနေရတာကို ကျနော်တို့က အပြောမဟုတ် အလုပ်နဲ့ သက်သေပြပြီး လူထုက အနုနည်း(အကြမ်းမဖက်လူထုလှုပ်ရှားမှု)နဲ့ တောင့်ခံထားတယ်။ လူထုကလည်း ပါလို့ရတဲ့နည်းနဲ့ ဆက်ပါနေတယ်။  အံတုနေတယ် ဆိုတာကို စကစနဲ့ တောထဲတောင်ထဲက ရဲဘော်များကို ပြသကြပါစို့”

ပါရမီနဲ့ Omni Focus ယာဉ်လိုင်းတွေကို ရန်ကုန်က အခြေခံလူထုဟာ နေ့စဉ်မလွှဲသာ မရှောင်သာ စီးရတာကို သိနားလည်ပေမယ့် ခုတခါ ရက်သတ္တ တစ်ပတ်တာ လှုပ်ရှားမှုမှာတော့ ပါဝင်ကြဖို့လိုတယ်လို့ ဦးနေဘုန်းလတ်က ဆိုပါတယ်။

“အရင် လူ ၁၀၀ စီးရာက လူ ၅၀ မစီးတော့လည်း သူတို့ကိုထိခိုက်စေတာဘဲ။ ကားပေါ် ပြည်သူတစ်ယောက်မှမရှိဘဲ ဒရိုင်ဘာ တစ်ယောက်တည်းပတ်မောင်းနေဖို့အထိ ပါဝင်ပြ ကြပါ။”

ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့တစ်သိုက်ကို လုံးဝ အုပ်ချုပ်လို့ မရစေရဘူးဆိုတာကို သိစေဖို့ တစ်လှမ်းချင်း၊ တစ်ရွေ့ချင်း နည်းပေါင်းစုံနဲ့ "ရွေ့" ပြကြဖို့လည်း  ဦးနေဘုန်းလတ်က တိုက်တွန်းပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်ကစတင်ကာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းမှု ကို ပြည်သူတရပ်လုံးက လက်မခံပဲ ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးဟာ ၁၀ လနီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်နှိမ်နင်းမှုတွေနဲ့အတူ နိုင်ငံရေးမ တည်ငြိမ်မှုတွေနဲ့ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍတွေအသီးသီးမှာ အဘက်ဘက် က ကျဆင်းလာနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up