ရော်နယ်ဒို ကိုဝေဖန်နေမှုများ အဓိပ္ပါယ်မရှိကြောင်း ပေါ်တူဂီဂန္တဝင် ဖီဂိုပြော

မန်ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုကို ဝေဖန်နေတာတွေဟာ အဓိပ္ပါယ်မရှိတဲ့ကိစ္စဖြစ်တယ်လို့ ပေါ်တူဂီဂန္ထဝင်ကစားသမား ဖီဂိုကပြောပါတယ်။
ရော်နယ်ဒိုရဲ့ မန်ယူအသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၇ ပွဲမှာ ၅ ပွဲအထိ ရှုံးပွဲ တွေ့ခဲ့တာကြောင့် အသင်းနည်းပြ ဆိုးလ်ရှားဟာလည်း ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။
အသင်းရလဒ်မကောင်းခဲ့တဲ့အပေါ်မှာ ရော်နယ်ဒိုကိုလည်း ဝေဖန်မှုတွေရှိနေတဲ့အပေါ် ဖီဂိုက ပြန်လည်တုံ့ပြန်သွားခဲ့တာဖြစ်ပါတယ်။
“သူ့အပေါ်ဝေဖန်တာတွေက အဓိပ္ပါယ်မရှိပါဘူး။ သူ အကောင်းဆုံးကစားသမားဖြစ်နေဆဲပါ။ ဘောလုံးက ရလဒ်အပေါ်တည်မီနေပြီး အသင်းက မျှော်လင့်သလောက်အောင်မြင်မှုမရပဲ ဖြစ်နေတာပါ။ ဒါပေမယ့် သူက အသင်းရဲ့ အကောင်းဆုံး ကစားသမားတစ်ဦးပါ။ ဘာကြောင့်ဝေဖန်နေကြသလဲဆိုတာ နားမလည်နိုင်ပါဘူး” လို့ ပေါ်တူဂီ သတင်းစာ A Bola နဲ့ အင်တာဗျူးမှာ ဖီဂိုကပြောပါတယ်။
ရော်နယ်ဒိုဟာ ဗီလာရီးရဲလ်နဲ့ ချန်ပီယံ လိဂ်ပွဲစဉ်မှာတော့ အနိုင်ဂိုးတစ်ဂိုးသွင်းယူခဲ့ပြီး အဲဒီပွဲစဉ်နဲ့ ပတ်သက်ပြီးလည်း ဖီဂိုက ရော်နယ်ဒိုကို ချီးကျူးခဲ့ပါတယ်။