၂၀၂ဝ ဘလွန်းဒီအောဆုကို လီဝန်ဒေါစကီးကို ပေးအပ်ရန် စီစဉ်သူများဆွေးနွေးမည်

၂၀၂ဝ ပြည့်နှစ်က ဆုမပေးဘဲ ဖျက်သိမ်းခဲ့တဲ့ ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးကစားသမားဆု ကို လီဝန်ဒေါစကီးကို ပေးအပ်ဖို့ ဆွေးနွေးဆုံးဖြတ်မယ်လို့ သိရပါတယ်။
အခုနှစ် ဘလွန်းဒီအောဆုပေးပွဲမှာ လီဝန်ဒေါစကီးက မက်ဆီနဲ့ ၃၃ မှတ်သာကွာဟပြီး ဒုတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။
မက်ဆီက ဆုယူအပြီးမှာတော့ လီဝန်ဒေါစကီးအနေနဲ့ ၂၀၂၀ ပြည့်နှစ်က ဆုနဲ့ထိုက်တန်ပြီး ရခဲ့သင့်ကြောင်း ချီးကျူးခဲ့ပါတယ်။
အဲဒီပွဲအပြီးမှာတော့ လီဝန်ဒေါစကီးကို ပေးစေချင်တဲ့ မက်ဆီရဲ့ စကားနဲ့ပတ်သက်ပြီး ပွဲစဉ်စီသူတွေဘက်က ပြန်လည်သုံးသပ်မှုလုပ်ဆောင်တော့မယ်လို့ သိရပါတယ်။
မက်ဆီရဲ့ ပြောစကားကလိမ္မာပါးနပ်ပြီး နှစ်သက်စရာကောင်းပေမယ့် လီဝန်ဒေါစကီးကို ပေးမယ့်ကိစ္စကို အစောတလျင် ဆုံးဖြတ်လို့မရကြောင်း စီစဉ်သူနဲ့ ပြင်သစ်ဘောလုံးအယ်ဒီတာ ပါစကယ်ဖာရီက ပြောပါတယ်။
“လီဝန်ဒေါစကီးကိုပေးဖို့က အစောတလျင် ဆုံးဖြတ်လို့ မရသေးပါဘူး။ အဲဒီလို ပေးလို့ရပေမယ့် တချိန်တည်းမှာပဲ မဲစနစ်နဲ့ဆုပေးတဲ့ ဘလွန်းဒီအောဆုသမိုင်းကို လေးစားဖို့လည်း လိုပါတယ်။ မနှစ်က ဖျက်သိမ်းခဲ့တဲ့အတွက် မဲလည်းမပေးခဲ့ကြလို့ လီဝန်ဒေါစကီးရမလားဆိုတာက မသေချာပါဘူး။ဒါပေမဲ့ ရိုရိုးသားသားပြောရရင်တော့ သူက ရဖို့ အခွင့်အရေးအကောင်းဆုံးဖြစ် ပါတယ်” လို့ ပါစကယ်ဖာရီကပြောပါတယ်။