စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် မဲထော်သလေးရွာသား ၁ ဦး ထိမှန် ဒဏ်ရာရ

ကရင်ပြည်နယ်၊ မြဝတီခရိုင်တောင်ဘက်၊ မဲထော်သလေးရွာဘက်ကို စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၁၆ ရက် ဒီကနေ့ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ရွာသား တယောက် လက်မှာ ကျည်ဆန်ထိမှန် ဒဏ်ရာရသွားပါတယ်။
ခြံဝင်းထဲကို လက်နက်ကြီးကျည်ကျပြီး ရွာသား ကိုထွန်း အသက် ၅၃ နှစ်ရဲ့ ဘယ်လက်ကို ကျည်ဆန်စ ထိမှန်သွားလို့ ထိုင်းနိုင်ငံဘက်သို့ သွားရောက်ခဲ့ရာမှာ ထိုင်းကျန်းမာရေးအဖွဲ့က ဒဏ်ရာကို ကုသပေးခဲ့ပါတယ်။
စစ်ကောင်စီတပ်နဲ့ KNLA တပ်တွေရဲ့ တိုက်ပွဲ မပြီးဆုံးသေးတဲ့အတွက် ထိုင်းနိုင်ငံ မဲဆောက်မြို့ မဲ့ကော်ကင်းကျေးရွာဘက်ကို ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသား စစ်ဘေးရှောင်တွေအတွက် သီးသန့် နေရာတခု ထိုင်းဘက်က စီစဉ်ပေးထားပြီး နောက်ထပ် တိုက်ပွဲထပ်ဖြစ်လို့ ထွက်ပြေးသွားသူတွေရှိရင်လည်း နေရာတိုးချဲ့ဖို့ စီစဉ်ထားတယ်လို့ ထိုင်းအာဏာပိုင်တွေဆီက သိရပါတယ်။
မြဝတီခရိုင် လေးကေ့ကော်ဒေသမှာ ဒီဇင်ဘာ ၁၅ ရက်ကစတင်ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိနဲ့ စစ်သားတွေ သေဆုံးထိခိုက်ဒဏ်ရာရတာ ရှိခဲ့သလို KNLA ဘက်မှလည်း ထိခိုက်ဒဏ်ရာရတာ ရှိခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွားရာအနီးတဝိုက် ကျေးရွာ ၇ ရွာလောက်က ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ စစ်ဘေးတိမ်းရှောင်ထွက်ပြေးနေကြရသလို ရွာသား ၈၀၀ လောက်ဟာလည်း ထိုင်းနိုင်ငံဘက်မှာ ထွက်ပြေးခိုလှုံနေကြရပါတယ်။