close

စစ်ကိုင်း – မုံရွာကားလမ်းနှင့် မိတ္ထီလာ-ပင်းတလဲကားလမ်းတွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ

စစ်ကိုင်း - မုံရွာကားလမ်း အုန်းတောကုန်းထိပ်အနီးမှာ ဒီဇင်ဘာ ၁၆ ရက် နေ့လယ်က  စစ်ကား တစီးမိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် စစ်ဆေးနေတာကြောင့် ယာဉ်တွေပိတ်ဆို့နေတယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၁၆ ရက် နေ့လယ် တစ်နာရီလောက်က လက်နက်ကိုင်စစ်ကောင်စီ တပ်သားတွေ အပြည့် တင်ဆောင်လာတဲ့ ကားကို အုန်းတောအနီးမှာ မိုင်း ၄ လုံးနဲ့ ဆက်တိုက် မိုင်းဆွဲခံရတာဖြစ်ပြီး သေဆုံး ဒဏ်ရာရမှု အခြေအနေကိုတော့ မသိရသေးပါဘူး။ 

မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်က လမ်းနှစ်နေရာမှာ ပိတ်ဆို့ပြီး လမ်းသွားလာတဲ့ ယာဉ်တွေကို စစ်ဆေးနေတယ်လို့  ဒေသခံတဦးက ပြောပါတယ်။

“နေ့လယ်ကတည်းက အခုအချိန်ထိ ပိတ်နေတုန်းပဲ။ ခရီးသည်တင်ယာဉ်တွေရော ကုန်တင်ယာဉ်တွေရော ပါပါတယ်။ ကျနော်ရောက်တော့ သေချာတော့ မတွေ့လိုက်ဘူး ပေါက်ကွဲမှုမှာ အသေအပျောက် တော်တော်များတယ်ပြောပါတယ်။ ဒါကြောင့်လည်း အခုလို စစ်နေတာ ထင်ပါတယ်။ ကုန်တင်ယာဉ်တွေအတွက်က ကိစ္စမရှိပေမယ့် ခရီးသည်တင်ယာဉ်တွေ ကတော့ အချိန်ကြာတော့ အဆင်မပြေဘူးပေါ့။”

ယာဉ်ပိတ်ဆို့မှုဟာ နေ့လယ် ၁ နာရီလောက်က စတင်ပြီး ၃ နာရီနီးပါးအထိ အချိန်ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

အုန်းတောကို ဖြတ်သန်းပြီး မုံရွာ၊ ရွှေဘို၊ ချောင်းဦး၊ မြင်းမူ၊ မြောင်၊ ရေစကြို ၊ ပခုက္ကူ စတဲ့မြို့တွေကို သွားလာဖို့ စစ်ကိုင်း - မုံရွာကားလမ်းကို အသုံးပြုကြတာဖြစ်ပါတယ်။

အလားတူ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ် အိုမတွေရွာအလယ်တန်းကျောင်းအနီး မိတ္ထီလာ-ပင်းတလဲ လမ်းဘေးရှိ ဇရပ်တစ်ခုမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို မိတ္ထီလာခရိုင် ၄ မြို့နယ် တော်လှန်ရေးအင်အားစုက တိုက်ခိုက်ရာ ၂ ဦးသေ ၁ ဦး ပြင်းထန်ဒဏ်ရာရသွားတယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။

အဆိုပါတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဒေသခံတစ်ဦးက "ဝုန်းဆိုတဲ့အသံ ကြားရတယ်။ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံး သွားတယ်။ တစ်ဦးကတော့ ခြေထောက်ပြတ်သွားတယ်ဆိုတာ သိရတယ်" လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို မိတ္ထီလာခရိုင် ၄ မြို့နယ်တော်လှန်ရေးအင်အားစု (Meiktila Disttruct Revolution Force) နဲ့ ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစု (Wundwin Township Revolution Force) တို့က လုပ်ဆောင်ခဲ့တာလို့ အတည်ပြု ကြေညာထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up