ကရာချိမြို့ရှိ ဘဏ်တစ်ခုတွင် ပေါက်ကွဲမှုဖြစ်သဖြင့် ၁၀ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံ ကရာချိမြို့ စက်မှုဇုန်ဝင်းထဲက ရေဆိုးမြောင်းတခုပေါ် ခွဆောက်ထားတဲ့ ဘဏ်တခု ဒီဇင်ဘာ ၁၈ ရက်နေ့ ပေါက်ကွဲမှုဖြစ်ပြီး လူ ၁၀ သေဆုံး၊ ၁၁ ဦး ဒဏ်ရာရခဲ့ပါတယ်။
အဲဒီဘဏ်ဟာ ပါကစ္စတန် အကြီးဆုံးဘဏ် (Habib Bank Limited) ရဲ့ ဘဏ်ခွဲတခုဖြစ်ပြီး ဂက်စ်ယိုစိမ့်မှုကြောင့် ပေါက်ကွဲတာလို့ ရဲအရာရှိက ပြောပါတယ်။
“ပေါက်ကွဲမှုဖြစ်စဉ်ကို ကျနော်တို့ရဲ့ ကျွမ်းကျင်အဖွဲ့က ရှာနေပါတယ်။ ရေဆိုးမြောင်းပေါ် ခွဆောက်ပြီး အောက်က ဂက်စ်ပိုက်ပေါက်တာလို့ ယူဆရပါတယ်။”
ပေါက်ကွဲမှု ပြင်းပြီး အဆောက်အအုံသံတိုင်တွေ ကွေးလိမ်ကုန်တဲ့အပြင် ဘဏ်အနီးက ဓာတ်ဆီဆိုင်နဲ့ ကားပါကင်လည်း အတော်ပျက်စီးသွားပါတယ်။
ပါကစ္စတန်မှာ ဆောက်လုပ်ရေးဥပဒေတွေကို မလိုက်နာဘဲ အဆောက်အအုံတွေကို ဆောက်ချင်သလို ဆောက်ကြတာပါ။
ရေစီးရေလာမြောင်းတွေပေါ် ခွဆောက်ထားတာတွေ၊ နောက်ဖေးလမ်းကြားကို ကျူးဆောက်ထား တာတွေကို အစိုးရက အခုမှ လိုက်ရှင်းနေရပါတယ်။