close

ကမ္မမြို့က ရေနံပိုက်လိုင်း ပေါက်ကွဲမှုဖြစ်ပွား

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့မှာရှိတဲ့ တာကြီးတောင်ရေနံမြေကနေ အရာတော်ရေနံမြေကို ဆက်သွယ်ထားတဲ့ ရေနံပိုင်းလိုင်း ဒီဇင်ဘာ ၂၁ ရက် ဒီနေ့ မနက်ပိုင်းက  မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ မြို့ ဒေသခံတွေဆီက သိရပါတယ်။

ရေနံပိုက်လိုင်းကို အမည်မသိ လူတစ်စုက ဒီမနက် ၅ နာရီခွဲလောက်က  လာရောက် ဖောက်ခွဲခဲ့တာဖြစ်ပြီး ပြင်းထန်စွာပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ အနီးဝန်းကျင် ဒေသခံတွေကပြောပါတယ်။

မနက် ၈ နာရီကျော်အချိန်အထိ မီးအကင်းမသေသေးဘဲ ဆက်လက်လောင်ကျွမ်းနေခဲ့ပြီး ပခုက္ကူမြို့နယ်က မီးသတ်တပ်ဖွဲ့တွေပါ လာရောက်ငြှိမ်းသတ်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားပြီး မကြာခင်မှာ စစ်ကောင်စီတပ်က စစ်ကား ၆ စီးနဲ့ အင်အား အယောက် ၈၀ လောက် ရောက်ရှိလာခဲ့တာကြောင့် ရေနံပိုက်လိုင်းတလျောက်နေထိုင်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

“မနက် ငါးနာရီ ခွဲ ငါးနာရီ နှစ်ဆယ်လောက်ကဖြစ်တာ၊ ဖြစ်တဲ့နေရာနဲ့ တစ်မိုင်ခွဲအကွာအဝေးလောက်အထိ အိမ်တွေတုန်သွားတာ၊ အသံကြီးကလည်းအကျယ်ကြီး၊ ဘယ်သူတွေလာလုပ်တယ်ဆိုတာတော့ မသိရဘူး PDFအဖွဲ့တွေဖြစ်ဖို့တော့များတယ်။ သိပ်မကြာလိုက်ဖူး စစ်ကား ၆စီးလောက်ရောက်လာတယ်။ အင်အားကတော့ ၇၀ ၊ ၈၀လောက်ရောက်လာတယ်။ ပြီးတော့ မီးသတ်တွေလည်းရောက်လာတယ်။” 

ပိုက်လိုင်းပေါက်ကွဲပြီးနောက် မနက် ၇ နာရီလောက်ကနေ ၁၁ နာရီလောက်အထိ ကမ္မမြို့နဲ့ မြစ်ခြေမြို့ကြားမှာ ကား၊ ဆိုင်ကယ် အသွားအလာ လုံး၀ မရှိအောင် နည်းပါးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ 

မြစ်ခြေမြို့နဲ့ ကမ္မမြို့ဟာ ပခုက္ကူမြို့နယ်အတွင်းမှာရှိပြီး မြို့ချင်း ထိစပ်နေတဲ့ မြို့ငယ်တွေဖြစ်ပါတယ်။

ပေါက်ကွဲမှုနဲ့ မီးလောင်မှုတွေကြောင့် လူတွေ ထိခိုက်ဒဏ်ရာရတဲ့ သတင်းတွေမကြားရသလို ပျက်စီးဆုံးရှုံးမှု ပမာဏကိုလည်း မသိရသေးပါဘူး။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up