close

မင်းဘူးရဲစခန်းရှေ့တွင် ဗုံးခွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၁ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ မင်းဘူးရဲစခန်းရှေ့မှာ ဒီဇင်ဘာ ၂၅ ရက်က ဗုံးခွဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သားတယောက် ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံကာကွယ်ရေးတပ် MDA ကနေ သိရပါတယ်။

“မင်းဘူးရဲစခန်းရှေ့မှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ကို MDA နဂါးတပ်ဖွဲ့က လက်ပစ်ဗုံးတစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ စစ်ကောင်စီတပ်သား တစ်ယောက် ဒဏ်ရာရရှိခဲ့ပြီးတော့ တစ်ယောက်ကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်”လို့ MDA နဂါးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်နှင်းမောင်က ပြောပါတယ်။

အဆိုပါ ဗုံးခွဲတိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကို  စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမရှိသေးသလို မင်းဘူးမြို့မရဲစခန်းကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။

မင်းဘူးမြို့ဟာ စစ်ကောင်စီတပ်တွေ ဝန်ရံထားတဲ့အပြင် မြေပြန့်ဒေသဖြစ်တာကြောင့် တောင်ပေါ်ဒေသတွေလောက် လှုပ်ရှားရတာမလွယ်ကူတာကြောင့် ဒေသခံကာကွယ်ရေးတပ်တွေ စခန်းစွန့်ခွာခဲ့ရတာတွေလည်း ရှိပါတယ်။

“မြေပြန့်ဒေသမှာ ပြောက်ကျားစနစ်နဲ့ လှုပ်ရှားရင်တောင် ပြည်သူတွေ အဖိခံရဖို့က ပိုများပါတယ်။ အဲဒါကြောင့် ပြောက်ကျားစနစ်ကိုတောင် တော်တော်အားယူနေရတယ်။ ရန်ကုန်၊ မန္တလေး မြို့ကြီးတွေလို လူဦးရေနဲ့ လမ်းတွေလည်းမများဘူး မြို့တစ်ပတ်ကို ခဏလေးပဲ အဲဒါကြောင့် အန္တရာယ်ကို ရှောင်ရှားပြီးတော့ တော်လှန်နေကြတာ”လို့ နဂါးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

MDA အနေနဲ့ စစ်ကောင်စီတပ်တွေကို အမြစ်ပြတ်ချေမှုန်းနိုင်ဖို့ အတွက် ပြောက်ကျားစနစ်ကိုအသုံးပြုပြီးတော့ တိုက်ခိုက်သွားမှာဖြစ်သလို ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးသွားမယ်လို့ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up