ရှင်းကျန်းပြည်နယ် ကွန်မြူနစ်ပါတီ အကြီးအကဲနေရာ အစားထိုး

တရုတ်အစိုးရဟာ ရှင်းကျန်းပြည်နယ်ရဲ့ ကွန်မြူနစ်ပါတီအကြီးအကဲ ချန်ကွမ်းကို့ရဲ့ နေရာကို မာရှင်းယွိနဲ့ အစားထိုးလိုက်ပါတယ်။
ဘာသာရေး အစွန်းရောက်မှုတိုက်ဖျက်ရေး နာမည်အောက်မှာ ဝီဂါတိုင်းရင်းသားတွေနဲ့ တခြား မွတ်စလင်တွေကို ပစ်မှတ်ထားပြီး လုံခြုံရေးအရ နှိမ်နင်းရာမှာ ကြီးကြပ်သူနေရာကို လူချင်းလဲ လိုက်တာပါ။
ချန်ကွမ်းကို့ဟာ ၂၀၁၆ ခုနှစ်တည်းက ဒီရာထူးကို ရထားသူဖြစ်ပြီး တခြားအခန်းကဏ္ဍ တခုအတွက် ရွှေ့ပြောင်းတာဝန်ပေးခံရတာပါ။
မာရှင်းယွိကတော့ ကမ်းရိုးတန်းက စီးပွားရေးပြည်နယ် ကွမ်တုံရဲ့ အုပ်ချုပ်ရေးမှူးအဖြစ် ၂၀၁၇ ခုနှစ်တည်းက ထမ်းဆောင်ခဲ့သူလို့ ဒီဇင်ဘာ ၂၅ ရက်နေ့ ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။
တရုတ်ရဲ့ အနောက်စွန်းက ရှင်းကျန်းပြည်နယ်အတွင်း စခန်းတွေထဲမှာ ထိန်းသိမ်းခံထားရတဲ့ မွတ်စလင် အယောက် ၁ သန်းကျော်မယ်လို့ ကုလသမဂ္ဂ သုတေသီတွေနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ခန့်မှန်းထားပါတယ်။
တရုတ်ကတော့ နှိပ်စက်မှုဆိုင်ရာ စွဲချက်တွေကို ပယ်ချပြီး စခန်းတွေဟာ အစွန်းရောက်မှု တိုက်ဖျက်ရေးအတွက် သက်မွေးဝမ်းကျောင်းဌာနတွေလို့ ပြောပါတယ်။
ဒီစခန်းတွေထဲမှာ နေသူအားလုံး သင်ရိုးကုန်တတ်ပြီးပြီလို့လည်း ၂၀၁၉ နှောင်းပိုင်းမှာ ကြေညာခဲ့ပါတယ်။
တရုတ်အစိုးရ ပေါလစ်ဗျူရိုအဖွဲ့ဝင်လည်းဖြစ်တဲ့ အသက် ၆၆ နှစ်အရွယ် ချန်ကွမ်းကို့ဟာ ရှင်းကျန်းပြည်နယ် လုံခြုံရေးနှိမ်နင်းမှုအတွက် တာဝန်ရှိတဲ့ အကြီးတန်းအရာရှိအဖြစ် ရှုမြင်ခံ ထားရပါတယ်။ သူ့ကို အမေရိကန်က မနှစ်က ဒဏ်ခတ်ခဲ့ပါတယ်။