close

ကွန်မြူနစ်ပါတီ

close

April 27, 2023

တရုတ်နှင့် ဗီယက်နမ် ကွန်မြူနစ်ပါတီခေါင်းဆောင် ၂ ဦး ဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးဖြစ်သူ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ဗီယက်နမ်ကွန်မြူနစ်ပါတီ နိုင်ငံရေးဗျူရို (CPV) ဗဟိုကော်မတီဝင်၊ CPV ဗဟိုအမြဲတမ်းအဖွဲ့ဝင်၊ ကော်မတီအတွင်းရေးမှူးနဲ့ CPV ဗဟိုကော်မတီအဖွဲ့ ကော်မရှင်အကြီးအကဲ ထရွန်သီမိုင်နဲ့ တရုတ်မြို့တော် ပေကျင်းမှာ ဧပြီ ၂၆ ရက်က တွေ့ဆုံခဲ့ပါတယ်။

မုန်တိုင်းထန်တဲ့ နိုင်ငံတကာ ပတ်ဝန်းကျင်နဲ့ နှစ်နိုင်ငံ သက်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ရင်ဆိုင်ရာမှာ တရုတ်နဲ့ ဗီယက်နမ်တို့ ရေရှည်တည်ငြိမ်ရေး၊ အိမ်နီးချင်းကောင်း၊ သူငယ်ချင်းကောင်း၊ ရဲဘော်ကောင်း၊ မိတ်ကောင်းဆွေကောင်းတို့ရဲ့ စိတ်ဓာတ်၊ အနာဂတ်ကို ဦးတည်တဲ့ ဆက်ဆံရေး၊ အိမ်နီးချင်းကောင်း ချစ်ကြည်ရေးနဲ့ ဘက်စုံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အခြေခံမူတွေကို လိုက်နာသင့်တယ်လို့ ရှီက အလေးအနက်ပြောပါတယ်။

နှစ်နိုင်ငံအကြား နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု ခိုင်မာစေရေး၊ စည်းလုံးညီညွတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရေး၊ ကွဲပြားမှုတွေကို စနစ်တကျ စီမံခန့်ခွဲရေး၊ အန္တရာယ်များနဲ့ စိန်ခေါ်မှုများကို ပူးတွဲဖြေရှင်းရေး၊ လူသားတို့ရဲ့ ငြိမ်းချမ်းရေးနဲ့ တိုးတက်မှုအတွက် ကတိကဝတ်ပြုထားတဲ့ အနာဂတ် တရုတ်-ဗီယက်နမ် အသိုက်အဝန်းကို တည်ဆောက်သင့်တယ်လို့လည်း ရှီက ဆက်ပြောခဲ့ပါတယ်။

မာ့က်စ်ဝါဒ သီအိုရီရဲ့ လမ်းညွှန်မှုအောက်မှာ နှစ်နိုင်ငံအကြား အပြန်အလှန် ဖလှယ်မှုတွေ၊ အပြန်အလှန် သင်ယူမှုတွေကို နက်နက်ရှိုင်းရှိုင်းမြှင့်တင်ရင်း ဆိုရှယ်လစ်စနစ်ရဲ့ အကြောင်းရင်းကို အတူတကွ မြှင့်တင်သင့်တယ်လို့လည်း ရှီက ပြောပါတယ်။

၂၀ ကြိမ်မြောက် CPC အမျိုးသားကွန်ဂရက်အပြီး တရုတ်နိုင်ငံဆီ လာရောက်လည်ပတ်ချိန် တရုတ်-ဗီယက်နမ် ဆက်ဆံရေး ခေတ်သစ်မှာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အရေးကြီးတဲ့ သဘောတူညီမှုကို ရရှိခဲ့ပြီး နှစ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုမှာ ခိုင်မာတဲ့တွန်းအားကို ထည့်သွင်းခဲ့တယ်လို့ မိုင်က ပြောပါတယ်။

ဗီယက်နမ်နိုင်ငံဟာ နိုင်ငံခြားရေးမူဝါဒမှာ တရုတ်နိုင်ငံနဲ့ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်အမြဲ ဦးစားပေးဆောင်ရွက်နေပြီး တရုတ် တနိုင်ငံတည်း မူဝါဒကို လိုက်နာရင်း တရုတ်နိုင်ငံရဲ့ အမျိုးသားပြန်လည်ပေါင်းစည်းရေး အကြောင်းရင်းကို အခိုင်အမာ ထောက်ခံတယ်လို့လည်း မိုင်က ပြောပါတယ်။

ဗီယက်နမ်နိုင်ငံဟာ နှစ်နိုင်ငံက လက်ရှိအာဏာရ ပါတီနှစ်ရပ်ရဲ့ ထိပ်သီးခေါင်းဆောင်တွေ ရခဲ့တဲ့ အရေးကြီးတဲ့ သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့၊ ရေရှည်တည်ငြိမ်ရေး၊ အနာဂတ်ကိုဦးတည်တဲ့ ဆက်ဆံရေး၊ အိမ်နီးချင်းကောင်း ချစ်ကြည်ရေးနဲ့ ဘက်စုံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အခြေခံမူတွေကို အကောင်အထည်ဖော်ဖို့ တရုတ်နိုင်ငံနဲ့ လက်တွဲဆောင်ရွက်သွားဖို့ အဆင်သင့်ရှိတယ်လို့ဆိုပါတယ်။

ပါတီနှစ်ရပ်အကြား မြင့်မားတဲ့ ဖလှယ်မှုတွေ အားကောင်းလာစေဖို့၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ပိုးလမ်းစီမံကိန်းတို့အကြား စည်းလုံးညီညွတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ဖို့၊ ပါတီနှစ်ရပ်နဲ့ နှစ်နိုင်ငံကြား ဆက်ဆံရေးအပြင် ဆိုရှယ်လစ်စနစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အကောင်အထည်ဖော်သွားမယ်လို့ မိုင်က ပြောပါတယ်။

ဗီယက်နမ်ဟာ ရှီက အဆိုပြုတဲ့ အဓိက ကမ္ဘာလုံးဆိုင်ရာ အစပျိုးမှုတွေကို အခိုင်အမာ ထောက်ခံပြီး တတိယအကြိမ် “One belt one road” ဖိုရမ်ကို လက်ခံကျင်းပရာမှာ တရုတ်နိုင်ငံကို ထောက်ခံပြီး ဒေသတွင်းနဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ တရုတ်နဲ့ ဒေသတွင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို မြှင့်တင်ဖို့ မျှော်လင့်တယ်လို့လည်း မိုင်က ပြောခဲ့ပါတယ်။

7 mins Ago

December 27, 2021

ရှင်းကျန်းပြည်နယ် ကွန်မြူနစ်ပါတီ အကြီးအကဲနေရာ အစားထိုး

တရုတ်အစိုးရဟာ ရှင်းကျန်းပြည်နယ်ရဲ့ ကွန်မြူနစ်ပါတီအကြီးအကဲ ချန်ကွမ်းကို့ရဲ့ နေရာကို မာရှင်းယွိနဲ့ အစားထိုးလိုက်ပါတယ်။

ဘာသာရေး အစွန်းရောက်မှုတိုက်ဖျက်ရေး နာမည်အောက်မှာ ဝီဂါတိုင်းရင်းသားတွေနဲ့ တခြား မွတ်စလင်တွေကို ပစ်မှတ်ထားပြီး လုံခြုံရေးအရ နှိမ်နင်းရာမှာ ကြီးကြပ်သူနေရာကို လူချင်းလဲ လိုက်တာပါ။

ချန်ကွမ်းကို့ဟာ ၂၀၁၆ ခုနှစ်တည်းက ဒီရာထူးကို ရထားသူဖြစ်ပြီး တခြားအခန်းကဏ္ဍ တခုအတွက် ရွှေ့ပြောင်းတာဝန်ပေးခံရတာပါ။

မာရှင်းယွိကတော့ ကမ်းရိုးတန်းက စီးပွားရေးပြည်နယ် ကွမ်တုံရဲ့ အုပ်ချုပ်ရေးမှူးအဖြစ် ၂၀၁၇ ခုနှစ်တည်းက ထမ်းဆောင်ခဲ့သူလို့ ဒီဇင်ဘာ ၂၅ ရက်နေ့ ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။

တရုတ်ရဲ့ အနောက်စွန်းက ရှင်းကျန်းပြည်နယ်အတွင်း စခန်းတွေထဲမှာ ထိန်းသိမ်းခံထားရတဲ့ မွတ်စလင် အယောက် ၁ သန်းကျော်မယ်လို့ ကုလသမဂ္ဂ သုတေသီတွေနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ခန့်မှန်းထားပါတယ်။

တရုတ်ကတော့ နှိပ်စက်မှုဆိုင်ရာ စွဲချက်တွေကို ပယ်ချပြီး စခန်းတွေဟာ အစွန်းရောက်မှု တိုက်ဖျက်ရေးအတွက် သက်မွေးဝမ်းကျောင်းဌာနတွေလို့ ပြောပါတယ်။

ဒီစခန်းတွေထဲမှာ နေသူအားလုံး သင်ရိုးကုန်တတ်ပြီးပြီလို့လည်း ၂၀၁၉ နှောင်းပိုင်းမှာ ကြေညာခဲ့ပါတယ်။

တရုတ်အစိုးရ ပေါလစ်ဗျူရိုအဖွဲ့ဝင်လည်းဖြစ်တဲ့ အသက် ၆၆ နှစ်အရွယ် ချန်ကွမ်းကို့ဟာ ရှင်းကျန်းပြည်နယ် လုံခြုံရေးနှိမ်နင်းမှုအတွက် တာဝန်ရှိတဲ့ အကြီးတန်းအရာရှိအဖြစ် ရှုမြင်ခံ ထားရပါတယ်။ သူ့ကို အမေရိကန်က မနှစ်က ဒဏ်ခတ်ခဲ့ပါတယ်။

1 year Ago
Up