မာသာထရီဇာ ပရဟိအဖွဲ့၏ နိုင်ငံခြားငွေကြေးထောက်ပံ့ရယူမှုကို အိန္ဒိယအစိုးရက ပိတ်ပင်

မာသာထရီဇာ ထူထောင်ခဲ့တဲ့ ပရဟိတအဖွဲ့ (MoC) ကို နိုင်ငံခြားက ငွေကြေး ထောက်ပံ့မှုတွေကို ခွင့်မပြုတော့ဖို့ အိန္ဒိယအစိုးရက ဒီဇင်ဘာ ၂၇ ရက်မှာ ဆုံးဖြတ်လိုက်ပါတယ်။
မာသာထရီဇာ ပရဟိတအဖွဲ့ဟာ နိုင်ငံခြားကနေ လှူဒါန်းငွေတွေနဲ့ အဓိကလည်ပတ်နေတာဖြစ်လို့ အိန္ဒိယအစိုးရရဲ့ အခုဆုံးဖြတ်ချက်က မရှိဆင်းရဲသားနဲ့ ချို့ငဲ့သူတွေကို အကူအညီပေးတဲ့ လုပ်ငန်းတွေအပေါ်မှာ အကြီးအကျယ် ထိခိုက်သွားနိုင်ပါတယ်။
ဒီပရဟိတအဖွဲ့ကို ရိုမန်ကက်သလစ် သီလရှင်၊ နိုဘယ်လ်ဆုရှင် မာသာထရီဇာကိုယ်တိုင် ၁၉၅၀ မှာ ထူထောင်ခဲ့ပြီး တကမ္ဘာလုံးမှာ ခရစ်ယာန်သီလရှင်ပေါင်း ၃၀၀၀ ကျော်က ကျန်းမာရေး စောင့်ရှောက်မှု၊ သာသနာပြုကျောင်းတွေ၊ အနာကြီးရောဂါသည်တွေနဲ့ စွန့်ပစ်ကလေး စောင့်ရှောက်ရေးဂေဟာတွေကို ထူထောင်ကူညီပေးနေတာပါ။
ဝန်ကြီးချုပ် နရိန်ဒြာမိုဒီက မာသာထရီဇာ ပရဟိတအဖွဲ့နဲ့ပတ်သက်တဲ့ ဆိုးရွားတဲ့ အချက်အလက်တွေ ရရှိပြီးနောက်မှာ နိုင်ငံခြားအထောက်အပံ့ဆိုင်ရာ ဥပဒေ (FCRA) အရ အဖွဲ့ကို မှတ်ပုံတင် သက်တမ်းတိုးပေးဖို့ ငြင်းဆန်လိုက်တယ်လို့ အိန္ဒိယအစိုးရရဲ့ ကြေညာချက်က ဆိုပါတယ်။
မာသာထရီဇာ ပရဟိတအဖွဲ့ကလည်း မှတ်ပုံတင်သက်တမ်း တိုးလို့မရတဲ့အကြောင်းနဲ့ ဒီကြားထဲမှာ အဖွဲ့ရဲ့ လက်အောက်ခံ စင်တာတွေအားလုံး နိုင်ငံခြားအလှူငွေတွေနဲ့ လုပ်ကိုင် ဆောင်ရွက်တာတွေကို ရပ်ဆိုင်းထားကြဖို့ ကြေညာထားပါတယ်။