close

ဖရူဆို မီးရှို့သတ်ဖြတ်မှုဖြစ်စဉ် ကုလလုံခြုံရေးကောင်စီရှုတ်ချ၊ တာဝန်ခံမှုရှိရန် တိုက်တွန်း

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ ကလေးငယ်တွေအပါအဝင် အနည်းဆုံး လူ ၃၅ ယောက် မီးရှို့အသတ်ခံရတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေက ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။

လုံခြုံရေးကောင်စီအလှည့်ကျ ဥက္ကဋ္ဌ နိုင်ဂျာနိုင်ငံမှ အဗဒူအဘာရီက ဒီဇင်ဘာ ၂၉ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပြီး ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့  တာဝန်ခံမှုရှိအောင် အသေအချာလုပ်ဖို့ အလေးထားတိုက်တွန်းလိုက်ပါတယ်။

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးမှာ ခရစ္စမတ်အကြိုနေ့ ဒီဇင်ဘာ ၂၄ ရက်က ကလေးငယ် ၄ ယောက်နဲ့  Save the Children ဝန်ထမ်း ၂ ဦး အပါအဝင်  အနည်းဆုံး ၃၅ ယောက်ကို စစ်ကောင်စီတပ်က အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့တာလို့ သေဆုံးသူတွေရဲ့ မိသားစုတွေနဲ့ ဒေသခံတွေက  ဒီဗွီဘီကိုပြောပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေအားလုံးကို ချက်ချင်းရပ်တန့်ဖို့၊ လူ့အခွင့်အရေးကိုလေးစားလိုက်နာဖို့နဲ့ အရပ်သားတွေ ဘေးကင်းလုံခြုံ‌ရေး သေချာစေဖို့လည်း လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေက တောင်းဆိုပါတယ်။ 

လိုအပ်နေတဲ့ ပြည်သူအားလုံးကို လူသားချင်းစာနာမှုအကူအညီတွေ အဟန့်အတားမရှိ ဘေးကင်းလုံခြုံစွာပေးဖို့နဲ့ လူသားချင်းစာနာမှုအကူအညီပေးသူတွေနဲ့ ကျန်းမာရေးလုပ်သားတွေကို အပြည့်အဝ ကာကွယ်ပေးပြီး ဘေးကင်းလုံခြုံအောင်ဆောင်ရွက်ပေးဖို့လည်း အလေးထား ပြောပါတယ်။

ဖရူဆိုမြို့နယ်မှာ အစုအပြုံလိုက် အရှင်လတ်လတ် မီးရှို့ခံခဲ့ရသူတွေထဲက  ၃၀ ကျော်ရဲ့ ရုပ်လောင်းတွေကို ဒီဇင်ဘာ ၂၉ ရက် မနေ့ မနက်ပိုင်းက ဒီးမော့ဆိုမြို့နယ်တနေရာမှာ မြေမြှုပ်သင်္ဂြိုဟ်ခဲ့ပါတယ်။

ဒီဖြစ်စဉ်မှာ ရုပ်လောင်း ၂၇ လောင်းသာ ပြန်လည်ကောက်ယူနိုင်ပြီး နားကပ်တွေပါတဲ့အတွက် အမျိုးသမီးတွေ ပိုများနိုင်တယ်လို့ ရုပ်အလောင်းသွားကောက်ရာမှာ ပါဝင်တဲ့ တော်လှန်ရေးတပ်သားတဦး ပြောပြချက်အရ သိရပါတယ်။

ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီး အဆိုပါ မီးရှို့သတ်ဖြတ်မှုဖြစ်စဉ်နဲ့  ပတ်သက်ပြီး ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက စစ်ကောင်စီကို ရှုတ်ချကန့်ကွက်ထားကြပြီး ကျူးလွန်သူတွေကို  စုံစမ်းစစ်ဆေး အရေးယူဖို့ တောင်းဆိုနေကြပါတယ်။

Photo-KNDF

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up