close

ပခုက္ကူမြို့အခြေစိုက် စစ်ကောင်စီတပ် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

မကွေးတိုင်း၊  ပခုက္ကူမြို့မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ တပ်မ ၁၀၁ ကို ဇန်နဝါရီ ၄ ရက် ညပိုင်းက ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူ PDF တပ်ဖွဲ့က ပြောပါတယ်။

တပ်မ ၁၀၁ ကို မနေ့ည ၈ နာရီလောက်မှာ ပခုက္ကူ PDF မြေပြင်တိုက်ခိုက်ရေးခေါင်းဆောင် ဗိုလ်သင်္ခနဲ့အဖွဲ့က ရှော့တိုက်ဒုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ပခုက္ကူ PDF တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

၇၄ နှစ်ပြည့် လွတ်လပ်ရေးနေ့အထိမ်းမှတ်အဖြစ် မလွတ်လပ်သေးတဲ့ ပြည်သူတွေအတွက် တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ ထိခိုက်ပျက်စီးတဲ့ အခြေအနေကို မသိရသေးပါဘူး။

ပခုက္ကူမြို့ဒေသခံတစ်ယောက်က “တပ်မ ၁၀၁ ဘက်က ပေါက်ကွဲသံ အကျယ်ကြီး နှစ်ချက် ကြားလိုက်ရတယ်ဗျ။ သူတို့တပ်ထဲမှာ လက်နက်စမ်းတာလား ဘာလားတော့ မသိဘူး။ ညလည်း ညဘက်ဖြစ်တဲ့အပြင် စစ်ကောင်စီတပ်ဘက်ဆိုတော့ ကျနော်တို့လည်း သွားမကြည့်ရဲဘူး” လို့ ပြောပါတယ်။

အဲဒီ တပ်မဟာ မကွေးတိုင်း အထက်ပိုင်း ယောဒေသနဲ့ ချင်းပြည်နယ်တွေကို ထိုးစစ်ဆင်နေတဲ့ တပ်မတစ်ခုဖြစ်သလို ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်ကာ အိမ်ထဲက ပစ္စည်းနဲ့ ငွေကြေးတွေကိုပါ ခိုးယူနေတဲ့ တပ်မဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ အဲဒီရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်ကို သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up